ပီထာ၏ ရှုံးနိမ့်မှု အပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြန်လည်ပြင်ဆင် မှတ်ချက်ပြု

0
1930

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် တစ်ပြေးနေသူ ပီထာလင်မ်ဂျာရုန်ရတ်၏ ထိုင်းနိုင်ငံကို ဦးဆောင်ရန် မဲအရေအတွက် လုံလောက်စွာ မရရှိခဲ့မှုနှင့်ပတ်သက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အပြုသဘောဆောင်သည့် မှတ်ချက်ကို ပြောင်းလဲပြောဆိုခဲ့သည်။

ယခင်က ပေးခဲ့ဖူးသည့် မှတ်ချက်အပေါ်  အပြုသဘောဆောင်ကာ ဇူလိုင် ၁၄ ရက်နေ့တွင် ပြန်လည် ပြင်ဆင်ပြောဆိုခဲ့သည်။

၎င်း၏ တယ်လီဂရမ်တွင် ရေးသားခဲ့သည့် စာအရ ဟွန်ဆန် က “ထိုင်းနိုင်ငံအတွက် ဘယ်သူပဲဖြစ်ဖြစ် ဘယ်ပါတီကပဲ တာဝန်ယူပါစေ၊ (နောက်တက်လာမည့်) ထိုင်းအစိုးရခေါင်းဆောင်နဲ့ လက်တွဲဖို့ အဆင်သင့်ပါပဲ” ဟု ရေးသားခဲ့သည်။

ထို့အပြင် သူ့အနေနှင့် ထိုင်းပြည်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်လိုကြောင်း ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကမူ ဟွန်ဆန်သည် ပီထာ၏ ယခုလို ရှုံးနိမ့်မှုသည် ကမ္ဘောဒီးယားမှာလည်း အတိုက်အခံပါတီအတွက် ရှုံးနိမ့်မှု ဖြစ်ကြောင်း လူမှုကွန်ရက် တွစ်တာ ပေါ်တွင် ရေးသားခဲ့သည်။

ထို့အပြင် ပီထာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာပါက ထိုင်းကို ကျောထောက်နောက်ခံပြုလျက် ကမ္ဘောဒီးယား အတိုက်အခံများက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။

“ဒီလို သစ္စာဖောက် (ကမ္ဘောဒီးယား မှ ၎င်း၏ နိုင်ငံရေး အတိုက်အခံ)တွေက ပီထာ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ကမ္ဘောဒီးယားကို ဆန့်ကျင်မဲဆွယ်ဖို့ ထိုင်းနယ်မြေကို အသုံးချနိုင်လိမ့်မယ်လို့ အမြဲမျှော်လင့်ထားခဲ့တယ်။

အခုဆိုရင် အတိုက်အခံအုပ်စု ရဲ့ မျှော်လင့်ချက်တွေက ရေထဲက ဆားလိုပဲ ပျောက်ကွယ်သွားခဲ့ပါပြီ ။ သူတပါး ကို အားကိုးတဲ့ နိုင်ငံရေးကို မလုပ်ပါနဲ့”ဟု ဟွန်ဆန် က ရေးသားခဲ့သည်။

အဆိုပါ မှတ်ချက်အပေါ် ထိုင်းပြည်သူ အများအပြားက ဝေဖန်ခဲ့ကြကြောင်း ဟွန်ဆန် က ဇူလိုင် ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ “ကျွန်တော် အဲ့စာ ကို ပို့စ်တင်ပြီးတဲ့နောက် ထိုင်းပြည်သူ တော်တော် များများက ကျွန်တော်နားမလည်တဲ့ ထိုင်းဘာသာစကားနဲ့ မှတ်ချက်တွေ ပြန်ရေးခဲ့ကြပါတယ်” ဟု ၎င်း၏ တယ်လီဂရမ် တွင် ရေးသားခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်မှာ ကျင်းပသွားမည် ဖြစ်သည်။ ၂၅ နှစ်ကြာ ၀န်ကြီးချုပ် အဖြစ် နိုင်ငံကို အုပ်စိုးနေသည့် အသက် ၇၁ နှစ်အရွယ် ဟွန်ဆန် သည် လာမည့် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရန် မျှော်လင့်နေသည်။

ဟွန်ဆန်က သူ့အနေနှင့် ပီထာကို ဆန့်ကျင်ခြင်းမရှိကြောင်းအပြင် ပီထာ အနေနှင့် ထိုင်းအစိုးရကို ဦးဆောင်မည်ဆိုပါက သူနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။

Reference

●       Thai PBS World