တောင်ကိုရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၇ ဦးသေဆုံး

0
2031

တောင်ကိုရီးယားနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေကာ ၃ ရက်မြောက် ဖြစ်သည့် ဇူလိုင် ၁၅ ရက်နေ့တွင် မြေပြိုမှုများနှင့် ဆည်ရေလျှံတက်ခဲ့မှုကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိခဲ့သည်။

ယင်းအပြင် ပျောက်ဆုံးသူ ၃ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအပြင် ပြည်သူ တစ်ထောင်ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁၅၆၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာန၏ က ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ မြောက်ဘက် ချွန်းချောင်း ပြည်နယ်ရှိ ဆည်တစ်ခု သည် မိုးသည်းထန်မှုကြောင့် ရေလျှံတက်လာသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရသူ ဦးရေမှာလည်း တိုးလာနိုင်ဖွယ် ရှိကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်မှုကြောင့် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ ဂိုအဲဆန် ဆည်အတွင်းသို့ တစ်စက္ကန့်လျှင် ရေတန်ချိန် ၂၇၀၀ ကျော် စီးဆင်းနေပြီး အဆိုပါ ပမာဏသည် ၎င်းဆည်၏ အများဆုံး စွန့်ထုတ်နိုင်သော ရေပမာဏ ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ရာသီဥတု အနေအထားကြောင့် ကိုရီးယား မီးရထား ကော်ပိုရေးရှင်း မှ အနှေးရထား ခရီးစဉ်များအားလုံးနှင့်  ကျည်ဆန်ရထား ခရီးစဉ် အချို့ ကို ခေတ္တရပ်ဆိုင်းထားရသည်။ ထို့အပြင် မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် ကျောက်ဆောင်များ ပြိုကျခြင်းတို့ကြောင့် ဘေးကင်းစွာသွားလာရေးကို ခြိမ်းခြောက်လာ နိုင်သည့်အတွက် အချို့သော ကျည်ဆန်ရထား ပြေးဆွဲမှုများ မှာလည်း လည်ပတ်မှု နှေးကွေးခြင်းကြောင့် ခရီးစဉ်များ နှောင့်နှေးရဖွယ် ရှိကြောင်း ထုတ်ပြန်ထားသည်။

ချွန်ချောင်း ပြည်နယ်ရှိ ရထားလမ်းများပေါ်သို့ မြေပြိုကျမှုကြောင့် ဇူလိုင်လ ၁၄ရက်နေ့ နှောင်းပိုင်းတွင် အနှေးရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း အင်ဂျင်နီယာတစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းရထားပေါ်တွင် လိုက်ပါစီးနင်းသူ မရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၅ရက်နေ့ တွင် အစိုးရဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် တောင်ကိုရီးယား ဝန်ကြီးချုပ် ဟန် ဒက်ဆူ သည် စစ်တပ်အား ကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ရန်၊ စက်ပစ္စည်းများနှင့် လူအင်အားကို စုစည်းနိုင်ရန်အတွက် အစိုးရအရာရှိများနှင့် လက်တွဲလုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

Reference

●       Reuters

●       Channel News Asia