ထားဝယ်ရေနက်ဆိပ်ကမ်းအနီးဝန်းကျင်ကို စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့် ဒေသခံများပြန်လွတ်

0
2807

ရေဖြူမြိုနယ် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖမ်းဆီးခံရသည့် ဒေသခံခုနစ်ဦး ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိသည့် နဘုလယ်ဒေသကို ဇူလိုင်လ ၁၁ ရက်တွင် စစ်ကြောင်းထိုးလာပြီး ဇူလိုင်လ ၁၅ရက် နံနက်ပိုင်းတွင် ခမောင်းချောင်းရွာသား‌လေးဦးနှင့် လဲရှောင်ရွာသားသုံးဦးတို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါဒေသခံအမျိုးသား ခုနစ်ဦးကို ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သဖြင့် ရွာသို့ ပြန်ရောက်ရှိလာကြပြီဖြစ်ကြောင်း ခမောင်းချောင်းနှင့် လဲရှောင်ရွာက ဒေသခံအချို့ကို မေးမြန်းချက်အရ သိရသည်။

“ရွာသားတွေကတော့ ပြန်လွတ်ပါပြီ” ဟု ခမောင်းချောင်းရွာ ဒေသခံတစ်ဦးက ပြောသည်။

ခမောင်းချောင်းဘက်မှ ဧကနိကျေးရွာဖက်သို့ စစ်ကြောင်းဆက်ထိုးသွားပြီး ဇူလိုင်လ ၁၅ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဧကနိရွာနှင့် ခမောင်းချောင်းရွာကြားက နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နာရီအနည်းငယ်ကြာ ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီစစ်ကြောင်းသည် ညနေပိုင်းတွင် ဧကနိရွာဘက်မှ ပြန်လည်ဆုတ်ခွာလာပြီး ရေနက် ဆိပ်ကမ်းဖက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် ထားဝယ်အထူးစီးပွားရေးဇုံ ဒေသအတွင်းရှိ မရင်းကြီး၊ ပရဒပ်၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဧကနိရွာတို့ကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးရာတွင် အရပ်ဝတ်များဝတ်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။