အန္တရာယ်ရှိသဖြင့် ထုံခါ-မောတောင်လမ်း အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ် သတိပေး

0
2634

လတ်တလော တိုက်ပွဲများဖြစ်ပွါးနေပြီး အချိန်မရွေးအန္တရာယ် ကျရောက်နိုင်သဖြင့် တနင်္သာရီမြို့နယ်၊ထုံခါ-မောတောင်လမ်းပိုင်းအား အသုံးမပြုရန် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းဖြစ်သည့် သိန်ခွန်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၅ ရက်မှ ယနေ့အထိ တိုက်ပွဲများဖြစ်ပွါးနေပြီး ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ခရီးသွားမိဘပြည်သူများ ထိခိုက်မှုမရှိစေရန် ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လိုက်နာခြင်းမရှိဘဲ သွားလာပါက ထိခိုက်မှုတစ်စုံတရာဖြစ်လျှင် မိမိတို့တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း လေးစားစွါအသိပေးသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ထုံခါ-မောတောင်လမ်းပိုင်းတွင် နှစ်ရက်တိတိတိုက်ပွဲဖြစ်ပွါးနေပြီး အနီးအနားကျေးရွာများမှ ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထုံခါ-မောတောင်လမ်းတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီ ၁၂ ရက်အထိ နေ့စဥ်ဆိုသလို တိုက်ပွဲဖြစ်ခဲ့ဖူးသည်။