တနင်္သာရီ သိန်ခွန်းရွာအုပ်စုတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး ဒေသခံများထွက်ပြေးနေရ

0
1751

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး အနီးအနားကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီ-မောတောင်လမ်းရှိ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာတွင် ဇူလိုင်လ ၁၅ ရက်ကစတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ဆက်လက်ဖြစ်ပွားနေသေးကြောင်း ဒေသခံများက ဆိုသည်။

ကော်သူးလေတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဒီနေ့ မနက်လည်း လက်နက်ကြီးတွေနဲ့ ထုနေတုန်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ချောင်းနှစ်ပေါက်ရွာ၊ သိန်ခွန်းရွာ၊ ကွမ်းသီးတောရွာနှင့် ထုံခါရွာတို့ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လ ၁၅ရက်ကဖြစ်ပွားသည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ထိခိုက်မှုအခြေအနေတို့ကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

သိန်ခွန်းကျေးရွာအုပ်စုတွင် ယခုနှစ် မတ်လ ၂၈ ရက်မှ ဧပြီလ ၁၂ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း လက်နက်ကြီးထိမှန်ပျက်စီးကာ နေအိမ်နှင့် ဈေးဆိုင်အချို့လည်း ဖျက်ဆီးခံခဲ့ရသည်။