နေအိမ်ပြန်လာသည့် ခမောင်းတောင်ရွာသား ပစ်သတ်ခံရ

0
3130

တိမ်းရှောင်နေရာမှ နေအိမ်သို့ ခေတ္တခဏပြန်သည့် လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာသား အမျိုးသားတစ်ဦး ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူမှာ အသက် လေးဆယ်ကျော်အရွယ်ရှိ ဦးသာထူး (ခေါ်) ဦးတင်ထွန်းဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက အခုမနက်စောစော အိမ်ကိုသွားတယ်။ အဲဒီမှာ ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။

သေနတ်ဒဏ်ရာကြောင့် ဦးတင်ထွန်းသည် ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဦးတင်ထွန်းမှာ မွန်ပြည်နယ်ဇာတိဖြင့်ကာ ခမောင်းတောင်ရွာသူနှင့် အိမ်ထောင်ပြီး ခမောင်းတောင်ရွာဈေးနှင့် အနီးဝန်းကျင်ရွာဈေးများတွင် ငါးရောင်းသည့်လုပ်ငန်းနှင့် ယာဉ်မောင်းလိုင်စင် အကျိုးဆောင်လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဦးတင်ထွန်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထားဝယ်မြို့နှင့် သုံးမိုင်ခန့်သာဝေးသည့် ခမောင်တောင်ရွာအနီးတစ်ဝိုက်တွင် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် PDF တပ်ဖွဲ့တို့နှင့် စစ်ရေးတင်းမာနေခဲ့ပြီး နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားနေသည်။

ယင်းနောက် ယင်းကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့်လည်း ဇူလိုင်လ ၁၂ ရက်က ခမောင်းတောင်ရွာသူ အသက် ၁၇နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့သည်။

ယင်းအပြင် ခမောင်းတောင်ကျေးရွာက နေအိမ် သုံးဆောင်ထက်မနည်းကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက် နေ့များတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ယင်းကျေးရွာအနီးတစ်ဝိုက်က ထပ်မံ ထွက်ပေါ်နေသည်ဟုဒေသခံများကပြောသည်။

ဇူလိုင် ၁၂ ရက်နေ့ကစပြီး ယခုရက်သတ္တပတ်အတွင်း ခမောင်းတောင်ရွာအနီးတစ်ဝိုက်တွင် နှစ်ဘက် စစ်ရေးပဋိပက္ခကြောင့် ကျေးရွာအနီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသည့်အတွက် ဒေသများ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။