ဈေးအတက်ကြမ်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

0
1996

ယခုအပတ်ရွှေဈေးမှာ ဆက်တိုက်တက်လာပြီး ဈေးအမြင့်ဆုံး အခြေအနေသို့ ရောက်လာခဲ့သည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်လာသည်။

ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်းအခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အတက်ကြမ်းသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြမ်းခဲ့ပြီး အမြင့်ဆုံးဈေးသို့ ရောက်နေသည်။

ယခုအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်အထိရှိလာပြီး တစ်ရက်နှင့် တစ်ရက်ကြားမှာပင် ငွေကျပ်လေးသောင်းအထိ ဈေးတက်ခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းတစ်သောင်းကျပ်မှ သုံးဆယ်နှစ်သိန်း ခြောက်သောင်းကျပ်အထိ ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ဆက်တိုက်တက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါးအထိ ဈေးမြောက်နေသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်စွန်းစွန်းသာ ပေါက်ဈေးရှိရာမှ ယခုအပတ်တွင် ဆက်တိုက်ဈေးတက်လာသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၂၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ဓာတ်ဆီဈေး ဆက်တက်

ဓာတ်ဆီဈေးလည်း တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် ငွေကျပ်နှစ်ထောင်ကျော် ဈေးပေါက်နေခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၅၀ ကျပ် မှ ၂၁၅၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၀၀ ကျပ်မှ ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည်ဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းကာ ရွှေ၊ ဘတ်နှင့် စက်သုံးဆီဈေးများ ဆက်တိုက်တက်လာသည်။

ထိုအခင်းအကျင်းတွင် ကမ္ဘာ့ရွှေဈေးကလည်း ပြန်လည်ဦးမော့လာသည်။

ဇူလိုင်လ ၉ ရက်နေ့က တစ်အောင်စလျှင် ၁၉၂၆ ဒေါ်လာ ပေါက်ဈေးရှိသည့် ကမ္ဘာ့ရွှေဈေးမှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ၁၉၅၆ ဒေါ်လာ ဈေးပေါက်နေသည်။

ထို့အပြင် ပြည်တွင်းမငြိမ်သက်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းနေမှုနှင့် နိုင်ငံခြားငွေကြေးရှားပါးလာမှုများကြောင့် ပြည်တွင်းရွှေဈေးမှာ လက်ရှိနှုန်းထားအောက် ပြန်ကျမည့် အနေအထားမရှိနိုင်ပေ။

ထိုင်းဘတ်ဈေးလည်း ပြည်တွင်းရွှေဈေးအတက်အကျ၊ နှစ်နိုင်ငံ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့် အချက်များအပေါ် မှီတည်နေသည်ဖြစ်ရာ လာမည့်အပတ်တွင်လည်း အတက်ဘက်သို့ ဆက်သွားမည့် အနေအထားဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းမှာ ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေ ဖြစ်နေသည်။

လတ်တလောတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အထက်တွင် ဈေးပေါက်နေသည်။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ လက်ရှိပေါက်ဈေးထက် တက်ရိပ်ပြလာနိုင်သည့် အလားအလာရှိကြောင်း သုံးသပ်ရသည်။