လောင်းလုံး သကျက်တောရွာသားတစ်ဦး ပစ်ခတ်ခံရ၊ အဖမ်းအဆီးများဆက်ရှိနေ

0
2026

လောင်းလုံးမြို့နယ်၊ သကျက်တောရွာတွင် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယင်းနေ့ညနေပိုင်းက သကျက်တောရွာကို ဝင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ပစ်ခတ်ခံရသူမှာ ကိုအေးချမ်းဦးဆိုသူဖြစ်ပြီး လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဆေးကုနေတယ်။ အရင်ကလည်း ဒီလိုပဲ မူးမူးပြီး လျှောက်သွားနေလို့ စစ်ကြောင်းနဲ့တွေ့ပြီး ရိုက်ခံရဖူးတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

လောင်းလုံးမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိသည် သကျက်တောရွာကို စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှသိရသည်။

ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဒေသခံ အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်းခုနစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း ၎င်းတို့က ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကြောင်းဝင်လာစဉ် ထွက်ပြေးကြသည့် အတွက် စစ်ကြောင်းနှင့် တိုးမိပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ဖမ်းဆီးခံထားရသူများ ထပ်မံရှိနေသည်ဟု ကြားသိရသော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။