ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ဘာဆက်ဖြစ်မလဲ

0
2322

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့ကြသည်။

ပြီးခဲ့သည့် မေလရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရထားသည့် Move Forward ပါတီ ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်း ၈ ပါတီက ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။

သို့သော် မဲပေးမှုတွင် ပီထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲအရေအတွက် မရရှိခဲ့ဘဲ ပထမအကြိမ် လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ပီထာဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်၊ အောက်လွှတ်တော်အမတ် ၇၄၉ ထံမှ ထောက်ခံမဲ ၃၇၅ မဲရရှိရန်လိုအပ်သည်။ အထက်လွှတ်တော်အမတ်တစ်ဦးမှာ နုတ်ထွက်ထားပြီးဖြစ်သည်။

သို့သော် ပီထာမှာ ထောက်ခံမဲ ၃၂၄ မဲသာ ရရှိသဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် ၅၁ မဲလိုအပ်နေသေးသည်။

ဝန်ကြီးချုပ်ရွေးပွဲ ဘာတွေဖြစ်ခဲ့လဲ

ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော ဝန်ကြီးချုပ်ရွေးကောက်ပွဲသည် ဝန်ကြီးချုပ်လောင်းအကြောင်း အခြေခံဆွေးနွေးရမည့်ပုံစံမှ တော်ဝင်ဥပဒေပုဒ်မ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ငြင်းခုံပွဲသို့ အခြေအနေ ပြောင်းလဲသွားခဲ့သည်။

အကြောင်းမှာ Move Forward ပါတီက ရွေးကောက်ပွဲကာလအတွင်း တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဟု ကတိပေးထား၍ ဖြစ်သည်။

ထို့ကြောင့် ပီထာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရေးဆွေးနွေးမှုထက် ထိုင်းဘုရင်နှင့် မိဖုရားကို ဝေဖန်ထောက်ပြလျှင် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးနှင့် ထောက်ခံရေးကိုသာ အဓိကထား ဆွေးနွေးခဲ့ကြသည်။

လွှတ်တော်အတွင်း အထက်လွှတ်တော်အမတ်များက တော်ဝင်ဥပဒေကို ပြင်ဆင်ခြင်းကို ကန့်ကွက်ခဲ့ကြသလို အတိုက်အခံပါတီအများစုကလည်း တော်ဝင်ဥပဒေပြင်ဆင်မှုကို လက်လျော့ပါက ပီထာကို ထောက်ခံပေးမည်ဟု ဆွေးနွေးမှုများ ရှိခဲ့သည်။

သို့သော်လည်း တော်ဝင်ဥပဒေကို အသုံးချ၍ လူငယ်များကို နိုင်ငံရေးအရ တိုက်ခိုက်၍ မရအောင် ကာကွယ်ပေးရန်အတွက် ဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း ပီထာက နောက်ဆုံးအနေဖြင့် လွှတ်တော်တွင် ထပ်မံပြောဆိုခဲ့သည်။

ယင်းကိစ္စကြောင့် ပီထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သော ထောက်ခံမဲများကို အထက်လွှတ်တော်အမတ်များ၊ အတိုက်အခံပါတီများထံမှ မရရှိခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပီထာက ၎င်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်သူ မရှိခဲ့သော်လည်း လုံလောက်သော မဲအရေအတွက်ကို မရရှိခဲ့ပေ။

နောက်တစ်ကြိမ် ဘယ်တော့လဲ

ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဇူလိုင် ၁၃ တွင်ပင် ထပ်မံအတည်ပြုပြောကြားထားသည်။

ပထမအကြိမ်မဲပေးရွေးချယ်မှုတွင် ရှုံးနိမ့်ခဲ့သော ပီထာက “မဲရလဒ်ကို လက်ခံခဲ့ပြီး အခုထိတော့ အရှုံးမပေးသေးကြောင်း” ပြောကြားထားသည်။

နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်များ၊ အတိုက်အခံပါတီများထံမှ မဲပိုမိုရရှိရန် နည်းလမ်းသုံး အဖြေရှာသွားမည်ဟု ၎င်းက ဆိုထားသည်။

တော်ဝင်ဥပဒေပြင်ဆင်ရေးက ပီထာ ဝန်ကြီးချုပ်ဖြစ်ရေးအတွက် အဓိက အဟန့်အတားဖြစ်နေခဲ့ပြီး အတိုက်အခံပါတီများနှင့် အထက်လွှတ်တော်အမတ်များအကြား ငြင်းခုံစရာတစ်ခု ဖြစ်ခဲ့သည်။

တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ အား ပြင်ဆင်ရေးကို ရွေးကောက်ပွဲကတိအတိုင်း ထပ်မံကြိုးစားသွားမည်ဟု Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူးကလည်း ပြောကြားထားသည်။

ယင်းအပြင် ဝန်ကြီးချုပ်ရွေးချယ်ရာတွင် အထက်လွှတ်တော်အမတ်များ၏ အာဏာလျှော့ချရေး ဥပဒေကို ပြင်ဆင်ဖို့ Pheu Thai ပါတီနှင့်ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ယနေ့တွင် ကျင်းပခဲ့ပြီး တိုင်ကြားလွှာကိုလည်း နေ့လယ်ပိုင်းတွင် လွှတ်တော်ဥက္ကဋ္ဌက လက်ခံခဲ့သည်။

ယင်းအခြေအနေများကြောင့် အထက်လွှတ်တော် အမတ်များက ပီထာ့ကို မဲပေးရန် ကြောက်နေကြခြင်းဖြစ်ဖွယ်ရှိသည်။

သူတို့ စိတ်ပြောင်းလာနိုင်သလား

ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် အထက်လွှတ်တော်အမတ်များ၊ အတိုက်အခံပါတီများက တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ ကို မပြင်ဆင်ရေး အဓိကထား ဆွေးနွေးခဲ့ကြသည်။

Bhumjai Thai ပါတီ၏ လွှတ်တော်အမတ် Chada Thaiseth က တော်ဝင်ဥပဒေကို ပြင်ဆင်ရန် ကြိုပမ်းမှုကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါက Move Forward ပါတီခေါင်းဆောင် ပီထာကို ထောက်ခံပေးမည်ဟု ပြောကြားထားပြီးဖြစ်သည်။

Bhumjai Thai ပါတီသည် မေလရွေးကောက်ပွဲတွင် အမတ်နေရာ ၇၀ ကျော်ကို အနိုင်ရရှိထားသော တတိယအများဆုံး အနိုင်ရပါတီဖြစ်သည်။

အတိုက်အခံပါတီအများစုနှင့် အထက်လွှတ်တော်အမတ်များက တော်ဝင်ဥပဒေပုဒ်မ ပြင်ဆင်ရေးကို ကန့်ကွက်ဆွေးနွေးခဲ့ကြပြီး Move Forward ပါတီရရှိထားသော မဲအရေအတွက်ထက် ပိုများသော ကျန်ပြည်သူ ၂၅ သန်းကို လေးစားဖို့ ပြောဆိုထားသည်။

အထက်လွှတ်တော်အမတ် ၂၅၀ တွင်လည်း ပီထာကို ထောက်ခံမဲပေးသူ ၁၃ မဲသာရှိနေသေးသည်။

ပီထာ ဝန်ကြီးချုပ်ဖြစ်ဖို့ အထက်လွှတ်တော်အမတ်များထံမှ မဲအရေအတွက် ၆၀ ကျော်လိုအပ်နေခြင်းဖြစ်သည်။

တော်ဝင်ဥပဒေပုဒ်မ ပြင်ဆင်ရေးသာမက ပီထာရင်ဆိုင်ဖြေရှင်းရမည့် iTV ရှယ်ယာပိုင်ဆိုင်မှုကြောင့် ရွေးကောက်ပွဲကော်မရှင်၏ တိုင်ကြားမှုကို အခြေခံဥပဒေခုံရုံးက လက်ခံလိုက်သည့် ကိစ္စတစ်ခု ရှိနေသေးသည်။

အကယ်၍ အခြေခံဥပဒေခုံရုံးက စုံစမ်းစစ်ဆေးရန် လက်ခံလိုက်ပါက ပီထာသည် လွှတ်တော်အမတ်နေရာက ယာယီရပ်ဆိုင်းခံရဖွယ် ရှိနေသည်။

သို့သော်လည်း အခြေခံဥပဒေအရ ပီထာကို ဝန်ကြီးချုပ်လောင်းအနေဖြင့် ဝင်ရောက်အရွေးခံနိုင်သေးကြောင်း အထက်လွှတ်တော်အမတ် Praphan Khunmee ကမှတ်ချက်ပြုထားသည်။

အဆိုပါ တော်ဝင်ဥပဒေပြင်ဆင်ရေးနှင့် အခြေခံဥပဒေခုံရုံးကို တိုင်ကြားခံရမှုများက ပီထာ အတွက် အထက်လွှတ်တော်အမတ်များထံမှ ထောက်ခံမဲရရှိရန် အဟန့်အတားများ ဖြစ်စေနေခဲ့သည်။

အကယ်၍ တော်ဝင်ဥပဒေပြင်ဆင်ရေးကိုသာ Move Forward ပါတီက လက်လျော့မည်ဆိုပါက အတိုက်အခံပါတီများ၊ အထက်လွှတ်တော်အမတ်များထံမှ ထောက်ခံမဲရရှိလာနိုင်သော်လည်း ရွေးကောက်ပွဲကတိအရ လက်လျော့မည် မဟုတ်ပေ။

နောက်ထပ်လွှတ်တော်ထဲ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဖြစ်ရန် မဲပေးရွေးချယ်မှုသည် အကန့်အသတ်မရှိပဲ လုံလောက်သော မဲအရေအတွက်ရရှိသည်အထိ မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ထို့ကြောင့် ညွန့်ပေါင်းပါတီ ၈ ပါတီ၏ ဝန်ကြီးချုပ်လောင်း ပီထာက နောက်ထပ် ထောက်ခံမဲ ပိုမိုရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုထားခြင်းဖြစ်သည်။

နောက်ထပ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပီထာကိုသာ ညွန်းပေါင်းအဖွဲ့က ဝန်ကြီးချုပ်လောင်းအဖြင့် ထပ်မံအမည်စာရင်း တင်သွင်းနိုင်ဖွယ်ရှိနေပြီး ထောက်ခံမဲ ၅၀ ကျော်ကို ထပ်ရမှသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး အနိုင်ရထားသော ညွန့်ပေါင်းအဖွဲ့ဝင် Pheu Thai ပါတီဘက်ကလည်း ပီထာကို ဝန်ကြီးချုပ်အဖြင့် ထပ်မံထောက်ပံ့ပေးထားခဲ့ကြောင်း ပါတီခေါင်းဆောင်က ဆိုထားသည်။

အကယ်၍ နောက်ထပ်လည်း အောင်မြင်မှုမရရှိခဲ့ပါက နောက်ထပ်လမ်းကြောင်းများ ရှာဖွေနိုင်ဖို့ ညွန့်ပေါင်းပါတီများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုထားသည်။

ပီထာအပြင် ဘယ်သူတွေ ဝန်ကြီးချုပ်ထပ်အရွေးခံနိုင်သလဲ

ညွန့်ပေါင်း ၈ ပါတီမှ ဒုတိယအများဆုံးအနိုင်ရရှိထားသော Pheu Thai ပါတီက ဝန်ကြီးချုပ်လောင်းတစ်ဦး ထွက်ပေါ်လာနိုင်သလို တတိယအများဆုံးအနိုင်ရရှိထားသော အတိုက်အခံပါတီ Bhumjai Thai ပါတီကလည်း ထွက်ပေါ်လာနိုင်သည်။

ဒုတိယဝန်ကြီးချုပ်ဟောင်း ပရာဝိတ် ကိုလည်း ၎င်း၏ Palang Pracharath ပါတီက အမည်စာရင်း တင်သွင်းလာနိုင်သည်။

ထို့ကြောင့် Pheu Thai ပါတီက ဝန်ကြီးချုပ်လောင်းတစ်ဦး၊ Bhumjai Thai ပါတီက ဒုဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ဆေးခြောက်ကို ခွင့်ပြုထားသော ကျန်းမာရေးဝန်ကြီးဟောင်းလဲဖြစ်သူ Anutin Charnvirakul နှင့် Palang Pracharath ပါတီက ဒုဝန်ကြီးချုပ်ဟောင်း Prawit Wongsuwan များက အမည်စာရင်းတင်သွင်းလာနိုင်ချေရှိနေသည်။

Move Forward ပါတီနှင့် ညွန့်ပေါင်းဖွဲ့စည်းထားသော Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းကို အထက်လွှတ်တော်အမတ်များက ထောက်ခံ မခံ မေးခွန်းထုတ်စရာ ရှိနေနိုင်သေးသည်။

Pheu Thai ပါတီက တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး မရှိသော်လည်း Move Forward ပါတီနှင့် ညွန့်ပေါင်းဖွဲ့စည်းထားခြင်းက အထက်လွှတ်တော်အမတ်များအတွက် ယုံကြည်မှု အပြည့်အဝမရရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အကယ်၍ ထိုင်းဝန်ကြီးချုပ်နေရာကို ပီထာသာ မရရှိခဲ့ပါက နိုင်ငံရေးအခြေအနေများစွာ ရှုပ်ထွေးလာနိုင်ကြောင်း ထိုင်းသတင်းများက ထောက်ပြထားသည်။

Ref: Thai Enquirer, Khaosod English