လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးရှိ ကျေးရွာခြောက်ရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

0
2804

လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ်ရှိ အနည်းဆုံး ကျေးရွာခြောက်ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၁၂ ရက် နံနက် ၉ နာရီခန့်က လောင်းလုံးမြို့နယ် နခံတောကျေးရွာ ရပ်ခံတောင်ဘုရားကုန်းပေါ် တပ်လာစွဲ သည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်မှာ ၃ ရက် ရှိပြီ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအပြင် ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း (၃၀၂) ကလည်း ထိန်တွင်း၊ ခမောင်းတောင်ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

လက်နက်ကြီးကျည်များမှာ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီး၊ မဲအုံနှောက် ကျေးရွာများဘက်ကို ကျရောက် ပေါက်ကွဲမှုရှိနေကြောင်း ဒေသခံများက ဆိုသည်။

“ရွာထဲမှာ လူကို မရှိကြတော့ဘူး။ လက်နက်ကြီးက ဒီလောက်ပစ်နေတာ။ ဘယ်သူက နေရဲဦးမလဲ။ ကျွန်မတို့လည်း ဖြစ်တဲ့နေ့ကတည်းက ရှောင်လာရတယ်” ဟု ခမောင်းတောင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ဒေသခံများမှာ ဇူလိုင်လ ၁၂ ရက်ကပင် စတင်တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ယင်းနေ့က နခံတောရွာနှင့်ကပ်လျက်ရှိ ခမောင်းတောင်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ပြီး လူငါးဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်ကပင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၄ ရက်တွင်လည်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။

ယနေ့ လက်နက်ကြီးပစ်ခတ်သံ အချက်ရေ ၂၀ ခန့် ကြားရကြောင်း ခမောင်းတောင် ဒေသခံအချို့က ဆိုသည်။

ယနေ့ နေ့လယ်ပိုင်းကလည်း ခမောင်းတောင်ရွာဘက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းကြောင့် နခံတော၊ ခမောင်းတောင်၊ ထိန်တွင်း၊ မဲအုံနှောက်၊ စခန်းကြီး၊ တောင်မင်းပြောင်စသည့် ကျေးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

ခမောင်းတောင်၊ မဲအုံနှောက်၊ စခန်းကြီး စသည့်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင် နေရကြောင်း ၎င်းတို့က ဆိုသည်။

အချို့ကျေးရွာမှာ တချို့ထက်ဝက်သာ ထွက်ပြေးတိမ်းရှောင်ပြီး အချို့မှာ မိမိရွာရှိ ဘုန်းကြီးကျောင်းတွင်ပင် ခိုလှုံနေကြကြောင်း ဒေသခံများထံမှသိရသည်။

နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားသည့် အခြေအနေ အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။