နှစ်ရက်ကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ် သေဆုံးလျက် ပြန်တွေ့

0
3740

ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းရွာတွင် နှစ်ရက်အကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် သေဆုံးလျှက် ပြန်လည်တွေ့ရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်က ပြောသည်။

ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လယ်ကွင်းအနီး ရေထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရေနစ်သေဆုံးတယ်လို့တော့ ပြောတယ်။ ကျွန်မသမီးကို အခုထိ မတွေ့ရသေးဘူး” ဟု မိခင်ဖြစ်သူက ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက မိခင်ဖြစ်သူ နွားရှာသွားစဉ် သမီးငယ်ကို နေအိမ်တွင် ဖုန်းဖြင့်ထားရစ်ခဲ့ပြီးနောက် အိမ်သို့ပြန်ရောက်ချိန် ဖုန်းသာကျန်ရစ်ခဲ့ပြီး ကလေးငယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကလေးငယ်ကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းကစပြီး ၎င်း၏ဆွေမျိုးသားခြင်းများနှင့် ရွာသူရွာသားများက လိုက်လံ ရှာဖွေရာ နှစ်ရက်ခန့်အကြာ ယနေ့ နံနက်တွင် ရုပ်အလောင်းကို ပြန်တွေ့ရှိရခြင်းဖြစ်ကြောင်း သဲချောင်းရွာသားတစ်ဦးက ပြောသည်။

 “ဒီမနက်ပဲ တွေ့ပါတယ်။ ရွာစပ်ကနေဆိုရင် ကိုက်သုံးဆယ်လောက်ရှိမယ်၊ ရေထဲမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ကလေးမှာ သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးပေ။

ကလေး၏ ရုပ်အလောင်းကို ကံပေါက်ဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ထားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။