သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက ကလေးငယ်တစ်ဦး မိုင်းနင်းမိ

0
908

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိသည်ဟု ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် အိမ်နှင့်ကပ်နေသည့် ရော်ဘာခြံတွင်း ကစားနေစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည်ဟု ဒေသခံအချို့က ပြောသည်။

“ပုံထဲမှာတွေ့တာတော့ ညာဖက်ခြေထောက်ထင်တယ်၊ ဒူးအောက်ကနေပြတ်ထွက်သွားတယ်၊ ကိုယ်မှာလည်း ကျည်စ စင်ထားတာတွေအများကြီးပဲ၊ ထားဝယ်ဆေးရုံကြီးကိုတင်ထားတယ်လို့ ကြားတယ်၊ အဲ့ဒီလမ်းကနေ စစ်တပ်သွားခဲ့တယ်ဆိုတော့ စစ်တပ်ကထောင်ခဲ့တဲ့မိုင်းလို့တော့ ပြောနေကြတယ်” ဟုကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ရော်ဘာခြစ်သွားရင်း ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေဖဝါးတစ်ပိုင်းပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“အဲ့လိုဖြစ်နေတော့ ဒေသခံတွေ ဥယာဉ်ခြံထဲမသွားရဲကြတော့ဘူး။ အိမ်ထဲက အိမ်အပြင်တောင် သိပ်မထွက်ကြတော့ဘူး။ တချို့လည်း ထိုင်းကိုထွက်ပြေးကြကုန်ပြီ၊ တချို့လဲ ဥယာဉ်ခြံတွေကို ပစ်ပြီး တခြားရပ်ရွာကို ပြောင်းရွေ့နေကြတယ်” ဟု ကင်းရှေ့ရွာက ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းက PDF များသွားလာနိုင်သည့် နေရာများတွင် မြေမြုပ်မိုင်းထောင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

စစ်တပ်က မြေမြုပ်မိုင်းထောင်ခဲ့သည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သို့သော်ဖေဖော်ဝါရီလ ၄ ရက်နှင့် ၇ ရက်နေ့က ကင်းရှေ့ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်လာစွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်က နှစ်ဖက်တိုက်ပွဲတွင် အရပ်သားအမျိုးသမီး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည်။