အသက် ၁၅ နှစ်အရွယ်သမီးကို လိင်လုပ်သားအဖြစ် စေခိုင်းသည့် မြန်မာမိခင်ကို ထိုင်းရဲဖမ်းဆီး

0
4593

ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် သမီးကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့သော မြန်မာနိုင်ငံသားမိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို မြန်မာအလုပ်သမား မိခင်အရင်းကိုယ်တိုင်က လိင်လုပ်သားအဖြစ် အဓမ္မစေခိုင်းခဲ့သဖြင့် ထိုင်းနိုင်ငံသား ဖခင်ဖြစ်သူနှင့် ကျောင်းဆရာများက စရာဘူရီရဲစခန်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မိခင်ဖြစ်သူသည် နာမည်ကြီး တည်းခိုခန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် ကွာရှင်း၍ သမီးဖြစ်သူနှင့် အတူနေထိုင်နေခြင်းဖြစ်သည်။

မိခင်က သမီးဖြစ်သူကို လိင်လုပ်သားအဖြစ် လုပ်ကိုင်ရန် ၂၀၂၂ ခုနှစ်ကတည်းက စတင်အတင်းအကျပ် စေခိုင်းခဲ့ကြောင်း သမီးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။

ယင်းအချိန်တွင် သမီးဖြစ်သူသည် အသက် ၁၃၊ ၁၄ နှစ်အရွယ်သာ ရှိနေသေးပြီး ယင်းတည်းခိုခန်းတွင် ဧည့်သည်များကို လိင်ဝန်ဆောင်မှုပေးနေခဲ့ရပြီး အခြားကလေးငယ်များနှင့် မိန်းကလေးငယ်များလည်း စေခိုင်းခံနေရကြောင်း ကလေးငယ်၏ ရဲတပ်ဖွဲ့သို့ ပြောကြားချက်ကို ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယင်းမိန်းကလေးထံမှ လိင်ဝန်ဆောင်မှုယူသူများတွင် ထိုင်းအစိုးရအရာရှိများ ပါဝင်နေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

 “သူတို့ ဒါကို စုံစမ်းစစ်ဆေးပြီးတော့ အစိုးရအရာရှိတွေ အစိုးရဝန်ထမ်းတွေ တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုရင် ထိရောက်စွာ အရေးယူဖို့လုပ်နေတယ်ဆိုပြီး အခြေအနေကို သိရတယ်” ဟု ကိုမင်းမင်းဦးက ဆိုသည်။

မိန်းကလေးငယ်ကလည်း လိင်ဝန်ဆောင်မှုပေးခဲ့သူများထဲတွင် ထိုင်းအစိုးရအဖွဲများ၏ အာဏာပိုင်များနှင့် နိုင်ငံရေးသမားများလည်းပါဝင်နေခဲ့သည်ကို Google Search အသုံးပြု၍ မိန်းကလေးက ထုတ်ဖော်နိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သံသယရှိသူများတွင် အသက် ၅၇ နှစ်အရွယ် အထက်လွှတ်တော်အမတ်ဟောင်း Mr Boonsong၊ နိုင်ငံတော် ဗုဒ္ဓဘာသာရုံး၏ ညွှန်ကြားရေးမှူးဟောင်း၊ ဟိုတယ်ဝန်ထမ်းနှင့် ဆောက်လုပ်ရေး ကန်ထရိုက်တာများ ပါဝင်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ကို ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ စုစည်းကာ ဝရမ်းထုတ်ခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှ စ၍ စစ်ဆေးမေးမြန်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့တွင် အချို့သူများက ပြစ်မှုများအတွက် ဝန်ခံချက်ပေးခဲ့ပြီး အာမခံဖြစ် ပြန်လွှတ်ပေးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်ကို ဖော်ပြထားသည်။

အဆိုပါမိန်းကလေးမှာ ကျောင်းမလာသဖြင့် ဆရာတစ်ဦးက အိမ်သို့ သွားခဲ့ရာမှ ကလေးက မိခင်လက်က လွတ်ရန်ထွက်ပြေးသွားကြောင်း ကြားသိရာမှတစ်ဆင့် ယင်းဖြစ်စဉ်ကို သိရှိလာခဲ့ရခြင်းဖြစ်သည်။

အကြောင်းရင်းမှာ သူမနှင့် နောက်ဆုံးတွေ့ခဲ့သော ဧည့်သည်သည် သူမကို ချစ်ကြိုက်ကြောင်းပြောခဲ့ပြီး အတူနေရန်အတွက် ကမ်းလှမ်းခံခဲ့ရကြောင်း၊ ယင်းကြောင့် လိင်လုပ်သားအဖြစ် ဆက်လုပ်ကိုင်လိုစိတ် မရှိတော့ကြောင်း မိန်းကလေး၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က သက်သေအထောက်အထားများကို စုဆောင်း၍ အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူကို ဖမ်းဆီးရန် တရားရုံးတွင် ဝရမ်းလျှောက်ထားခဲ့ပြီးနောက် ပြီးခဲ့သော အပတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

 ဖမ်းခံရပြီးနောက် မြန်မာမိခင်ဖြစ်သူသည် အမျိုးသမီးများနှင့် ကလေးငယ်များအား ဧည့်သည်များကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခဲ့သည်ကို ဝန်ခံခဲ့ပြီး ဝန်ဆောင်မှုတစ်ခုအတွက် ဘတ် ၁၅၀၀ မှ ၂၀၀၀ အထိရရှိခဲ့ကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

အဆိုပါငွေများကိုလည်း အိမ်စရိတ်အတွက် သုံးစွဲခဲ့ကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် မိခင်ဖြစ်သူကို တရားမဝင် ဝင်ရောက်ခဲ့မှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လိင်လုပ်သားအဖြစ် စေခိုင်းခဲ့မှုနှင့် လူကုန်ကူးမှုများဖြင့် အမှုဖွင့်ထားခဲ့ကြောင်း ဖော်ပြထားသည်။

Ref: Bangkok Post, The Thaiger, The Straits Time, Khaosod English