ရေဖြူတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖြစ်၊ ဒေသခံများထွက်ပြေး

0
1855
ပုံစာ - ဝက်ချောင်း-ပုဂေါဇွန်းလမ်း တစ်နေရာ (ပုံဟောင်း)

ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသကို ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ခမောင်းချောင်းကျေးရွာ တွင် ယနေ့ စက်တင်ဘာလ ၂၁ရက် နံနက် ၁ဝနာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ရေနက်ဆိပ်ကမ်းနယ်မြေ၊ ဒေသအခေါ် ရှမ်းလမ်း ကင်းတံတားဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ် PDF တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မကြားရသေးဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ရေနက်ဆိပ်ကမ်းနယ်မြေရှိ ရှမ်းလမ်း၊ ကင်းတံတားအနီးက ကျေးရွာများနှင့် ဝဇွမ်းတော၊ ရငဲ၊ ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းရွာက ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ပုဂေါဇွန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“မိုးလင်းကတည်းက ပြေးလာနေကြတာ။ အဲဒီဘက်နေ ထွက်လာနေကြတာ မနည်းများတယ်။ သူတို့ဆိုင်ကယ်နဲ့ သူတို့မိသားစုအလိုက် ပြေးလာကြတယ်” ဟု ၎င်းက ဆိုသည်။

ပုဂေါဇွန်းကျေးရွာမှာ တိုက်ပွဲဖြစ်သည့် ခမောင်းချောင်းရွာနှင့် တစ်ရွာခြားတွင်တည်ရှိသည်။

ကင်းတံတားအနီးကမှ ဝင်လာသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းက လမ်းတွင်တွေ့ရှိသည့် ဒေသခံ အချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အခြေအနေ၊ နှစ်ဖက်ပစ်ခတ်မှုအခြေအနေ၊‌ ဒေသခံများ ဖမ်းဆီးခံရခြင်း ရှိမရှိတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က ရေဖြူမြို့နယ်ကို စစ်ကြောင်းလေးကြောင်းဖြင့် စစ်ကြောင်းထိုးနေသည်ဟုလည်း PDF ရဲဘော်တစ်ဦးက ပြောသည်။