ပုလောတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးလေးလုံးပစ်ချ၍ အရပ်သားနှစ်ဦးဒဏ်ရာရ

0
1330
ပုံစာ - ကျောင်းနိမ့်ရွာတွင်းလမ်း

မြိတ်ခရိုင်၊ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

မနေ့(စက်တင်ဘာ ၂၀)နံနက် ၁၀ နာရီဝန်းကျင်ခန့်က ပုလော ၂၈၅ တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးချခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသား နှစ်ဦး၏ နောက်ကျောနှင့် မျက်နှာတို့ကို ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။

“ဗုံးက လေးလုံးချတာ တစ်လုံးပဲပေါက်တယ်။ ကျန်သုံးလုံးက မပေါက်လို့ တော်သေးတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဗုံးစထိမှန်ခဲ့သူမှာ အသက် ၄၀ အရွယ်အမျိုးသားနှင့် လူငယ်တစ်ဦးတို့ဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ဒေသခံများ ကဆိုသည်။

ကျောင်းနိမ့်၊ ပိန္နဲတောင်ကျေးရွာဘက်တွင်လည်း ပြီးခဲ့သည့် ညဦးပိုင်းက စစ်ကောင်စီ၏ ဒရုန်းများ ပျံဝဲခဲ့သေးကြောင်း ဒေသခံများ ကပြောသည်။

ကျောင်းနိမ့်ရွာတွင် ယခင်ကလည်း ဒရုန်းဖြင့်ဗုံးချမှုကြောင့် ရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ဖူးသလို လက်နက်ကြီး နေအိမ်ပေါ်ကျခြင်းကြောင့်လည်း သေဆုံးခဲ့ရသည့် ဖြစ်စဥ်များရှိခဲ့သည်။

ပုလောအရှေ့ဖျား ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားသွားလာနေသည်ဟု ယူဆချက်ဖြင့် စစ်ကောင်စီတပ်က ယခင်ကတည်းက ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ မကြာခဏလုပ်လေ့ရှိသည်။