ရေး-ထားဝယ်၊ ကလိန်အောင်လမ်းပိုင်းတွင် ခရီးသည်ကား ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦးဒဏ်ရာရ

0
747
ပုံစာ - ပစ်ခတ်ခံထားရသည့် ကားကို တွေ့ရစဉ်

ရေး – ထားဝယ်အဝေးပြေးကားလမ်း၊ ကလိန်အောင်လမ်းပိုင်းရှိ သာယာမွန်ကျေးရွာ အနီးတွင် စက်တင်ဘာလ ၁၉ ရက်ညက ခရီးသည်တင် Probox ကားတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ ၄ ဦးအနက် အမျိုးသားနှစ်ဦး၏ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း ကလိန်အောင်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ဘောလုံးကား (ထိုင်းနိုင်ငံသွားမည့်သူများကို နယ်စပ်သို့ ပို့ဆောင်သည့် ခရီးသည်တင်ယာဥ်) တွေတန်းပြီးလာတာ ၊ သာယာမွန်ရွာအပြင်လောက် အရောက်မှာ ချုံထဲကနေပစ်ခံရတယ်၊ ကားတာယာအရင်ပစ်ခံရပြီး မှ ထပ်ပစ်ခံရတာ “ ဟု သာယာမွန်ကျေးရွာ အနီးရှိ ရာဖူးရွာသားတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာလ ၂၀ ရက်မနက်ပိုင်းတွင် အဆိုပါ ကား ၅ စီးစလုံး ကလိန်အောင်-ကံပေါက်လမ်းဆုံအနီးတွင် ပြုပြင်နေကြောင်း၊ ယနေ့မနက်ပိုင်းတွင် ထွက်ခွာသွားပြီဖြစ်ကြောင်း ကားသမားတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။

စစ်ဆေးရေးဂိတ်များရှိသဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့်သူများကိုပို့ဆောင်သော ကားများမှာ ညပိုင်းတွင်သာ ဖြတ်သန်းသွားလာလေ့ရှိကြောင်း ကားသမားများထံမှ သိရသည်။

ရန်ကုန်-ထားဝယ် ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှမနက် ၆ နာရီအထိ ညပိုင်းဖြတ်သန်း သွားလာခြင်းမပြုကြရန် စက်တင်ဘာလဆန်းပိုင်းက ကလိန်အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ခုက သတိပေးချက် ထုတ်ပြန်ထားသည်။