အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသူ ၁၆၀၀ ကျော်ရှိလာ

0
1831

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၆၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁၆၁၂ ဦးရှိကြောင်း ဖော်ပြသည်။

ယင်းအနက် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၅၅ ဦး ရှိလာပြီဖြစ်ကြောင်းလည်း ရေးသားထားသည်

ယင်းအပြင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်များကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၁၄၇ ဦးရှိပြီး ယင်းအနက် ၉၆ ဦးမှာ ပစ်သတ်ခံရခြင်းဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံရသူ ၄၄ ဦး ရှိကြောင်း AAPP ထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အရပ်သားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDM များ ပါဝင်ပြီး PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲ ဖမ်းဆီးခံထားသူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ကော့သောင်းဒေသခံများ အဖမ်းခံခဲ့ရပြီး အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း NLD ပါတီ၏ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏ အစ်ကိုဖြစ်သူကို စစ်ကောင်စီတပ်များက PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီးခဲ့သည်။

ယင်းနောက် စစ်ကြောရေးတွင် သေဆုံးခဲ့ပြီး ရုပ်အလောင်းလာယူရန် ဇွန်လ ၁၆ရက်နေ့တွင် မိသားစုများကို အကြောင်းကြားခဲ့သည်။

စစ်ကောင်စီက မြိတ်ခရိုင်ရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဒေသအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနေသလို အရပ်သားပြည်သူ ဖမ်းဆီးခံရမှုနှင့် သေဆုံးရမှုလည်း ပိုမိုများပြားလာနေသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့အထိ နိုင်ငံတဝန်းဖမ်းဆီးခံရသူ ၂၃၇၄၇ ဦးရှိကြောင်း AAPP က ထုတ်ပြန်ထားသည်။

ပြန်လည်လွတ်မြောက်လာသူ ၄၃၇၀ ဦးရှိပြီး အာဏာသိမ်းကာလတွင် အရပ်သားပြည်သူ သေဆုံးသူ ၃၇၄၇ ဦး ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။