နိုင်ငံမဲ့ဘဝရောက်လာနိုင်သော ထိုင်းရောက်မြန်မာကလေးများ

0
1666

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားအများစုသည် အလုပ်လုပ်ကိုင်ရာ စက်ရုံများနှင့် မနီးမဝေးနေရာများတွင် အခန်းကျဥ်းလေးများကို ငှားရမ်းနေထိုင်ကြရသည်။

ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့်ကလေးများကစားရာ တစ်ခုတည်းသော နေရာလေးဖြစ်သည်။

မြန်မာအလုပ်သမား မိသားစုများမှာ ပင်ပန်းဆင်းရဲခံပြီး ယခုလိုနေရာမျိုးတွင် နေထိုင်ကြခြင်းမှာ သားသမီးများနှင့် သူတို့ဘဝရှေ့ရေးအတွက် မျှော်လင့်ချက်များကြောင့်ပင်။

သို့သော် ယခုကြုံနေရသောထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် သူတို့ကလေးများမှာ နိုင်ငံမဲ့ဘဝရောက်ရမည့် အဖြစ်ဆိုးကို ကြုံတွေ့နေကြရပြီဖြစ်သည်။

ထိုမိသားစုများတွင် စောဝင်း (အမည်လွှဲ)တို့ မိသားစုလည်းပါဝင်သည်။

ကလေးအကြီး အမြွှာနှစ်ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော မွေးစာရင်းရှိနေပြီးဖြစ်သဖြင့် ကလေးကျောင်းတက်ရေးနှင့် ကျန်းမာရေးအတွက် မပူပန်ရသော်လည်း အငယ်ဆုံးသမီးလေးတွင် စမွန်စခွန်ခရိုင်ရုံးက မွေးစာရင်းထုတ်ပေးထားခြင်း မရှိသေးသဖြင့် အသက် ၃ နှစ်အရွယ်အထိ နိုင်ငံမဲ့ ကလေးငယ် ဖြစ်နေဆဲပင်။

လက်ရှိတွင် ထိုင်းရောက် ရွှေ့ပြောင်းကလေးများ မွေးစာရင်းမှတ်ပုံတင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။

ထိုင်းနိုင်ငံသည် မွေးဖွားလာသော ကလေးတိုင်းအတွက် တရားဝင် အထောက်အထား ရရှိရန်နှင့် နိုင်ငံမဲ့ဖြစ်ခြင်းမှ ကာကွယ်ပေးရန် လုပ်ဆောင်ပေးမည်ဟု သဘောတူ လက်မှတ်ထိုးထားပြီးဖြစ်သည်။

သို့သော်လည်း အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) ၏ အပိုဒ် ၇ ကလေးအခွင့်အရေးကို အပြည့်အဝ လိုက်နာခြင်းမရှိပေ။

ထိုင်းအစိုးရ၏ ပျက်ကွက်မှုထက် အဂတိလိုက်စားမှုများက အဓိက ပြဿနာဖြစ်နေသည်။

ရွှေ့ပြောင်းကလေးမို့ အရေးမလုပ်

စောဝင်းက ထိုင်းနိုင်ငံ၏ နာမည်ကြီးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

“ဆေးရုံမှာ ကလေးမွေးပြီးတာနဲ့ စာရွက်စာတမ်းတွေ အကုန်စုပြီး ခရိုင်ရုံးကို တန်းသွားတယ်။ အဲမှာ ခရိုင်ရုံးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးကနေ ကျွန်တော်အလုပ်လုပ်နေတဲ့ စက်ရုံရဲ့ သူဌေးထောက်ခံစာတောင်းတယ်။ အဲဒါရှိမှ ကလေးမွေးစာရင်းထုတ်လို့ရမယ်ပြောတယ်” ဟု ၎င်းကဆိုသည်။

ယင်းကြောင့် စောဝင်းက စက်ရုံဘက်မှ ထောက်ခံစာရရန် အမျိုးမျိုးတောင်းခံခဲ့သော်လည်း အလုပ်ရှင်၏ ထောက်ခံစာ လုံးဝမရရှိခဲ့ပေ။

ထောက်ခံစာ ထုတ်မပေးရသည့် အကြောင်းအရင်းကိုလည်း စက်ရုံဘက်က သူ့ကို ရှင်းပြခဲ့ခြင်းမရှိ။

ပုံစာ – စမွတ်စခွန်ခရိုင်ရှိ မြန်မာအလုပ်သမားများ၏ နေထိုင်မှု အခြေအနေ

ယင်းစက်ရုံသည် ထိုင်းနိုင်ငံ၏ နာမည်အကြီးဆုံးထဲမှ တစ်ခုဖြစ်သော်လည်း အလုပ်သမားတစ်ဦးအတွက် ကလေးမွေးစာရင်းထုတ်နိုင်ရန် စက်ရုံထောက်ခံစာကိုပင် မထုတ်ပေးခဲ့ချေ။

ယင်းဖြစ်စဉ်မျိုးကို စောဝင်းတစ်ယောက်တည်း ကြုံတွေ့ခဲ့ရခြင်းမဟုတ်ဘဲ စက်ရုံရှိ ကလေးမွေးဖွားခဲ့သော ကျန်အလုပ်သမား ၃ ဦးလည်း ကြုံတွေ့ခဲ့ရသည်။

ကျန်သုံးဦးက ကလေးမွေးစာရင်းလုပ်နိုင်ရန်အတွက် ဆေးရုံရှေ့ရှိ မြန်မာအခေါ် ပွဲစား ဆိုင်ကယ်သမားများ လက်ထဲ အပ်ခဲ့ရပြီး ဘတ် ၃၀၀၀ အထိ ပေးကာ ပြုလုပ်ခဲ့ကြရသည်။

မွေးစာရင်းသည် ကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အထောက်အထားဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်နှင့် အရေးကြီးသော ကိုယ်ရေးအချက်အလက်များစွာ ပါဝင်နေသည်။

ထိုင်းနိုင်ငံသည် Civil Rights ဟုခေါ်သော နိုင်ငံသားအခွင့်အရေးနှင့် Political Rights ဟုခေါ်သော နိုင်ငံရေးဆိုင်ရာအခွင့်အရေးများနှင့် ပတ်သက်၍ လူတိုင်းတွင် မွေးရာပါလွတ်လပ်မှုရှိသည်ကို အစိုးရက လက်ခံလိုက်နာကြမည်ဟု ဆိုသည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ICCPR) တွင် လက်မှတ်ထိုးထားသည့် နိုင်ငံဖြစ်သည်။

တနည်းဆိုသော် လူသားတိုင်းအတွက် နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးရှိသည်ကို လက်ခံထားသည့် နိုင်ငံဖြစ်သည်။

ထို့အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) တွင်လည်း လက်မှတ်ထိုးထားသည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့် တရားဥပဒေအတိုင်း ကလေးတစ်ဦး မွေးဖွားလာပါက အချက်အလက်များကို မှတ်ပုံတင်ပေးရမည်ဖြစ်ပြီး နိုင်ငံမဲ့ကလေးငယ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

စောဝင်းသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားဖြစ်သော်လည်း သမီးဖြစ်သူမွေးဖွားမှုအတွက် လက်ရှိအချိန်အထိ တရားဝင် မှတ်ပုံမတင်နိုင်သေးပေ။

မွေးစာရင်းရဖို့ ထောက်ခံချက်

“မွေးစာရင်းက ကျွန်တော့်ကလေးအတွက် အရေးကြီးတယ်လေ။ ဒါရှိမှ ကလေးအတွက် ကျန်းမာရေးအာမခံလိုမျိုး ဘတ် ၃၀ တန်လေး လုပ်လို့ရမှာ” ဟု စောဝင်းက ဆိုသည်။

မွေးစာရင်းရှိမှသာ ပညာရေးနှင့် ကျန်းမာရေးကဲ့သို့ ကလေးပြုစုပျိုးထောင်မှုများအတွက် လိုအပ်ချက်များ ခံစားခွင့်ရှိမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအောက်တွင် ကလေးငယ်တိုင်းသည် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ ပညာသင်ကြားခွင့် စသော ကလေးသူငယ်အခွင့်အရေးများ ရရှိရမည်ဖြစ်ကြောင်း ကလေးသူငယ်စောင့်ရှောက်ရေးအသင်း (Unicef Thailand) က ထုတ်ပြန်ထားသည်။

ယင်းအပြင် လူမှုဖူလုံရေးအကျိုးခံစားခွင့်၊ ခရီးသွားခွင့်နှင့် ပြောင်းရွှေ့နေထိုင်ခွင့်၊ တရားမျှတမှုများကိုလည်း ခံစားခွင့်ရရှိရမည်ဖြစ်သည်။

စောဝင်း၏ အကြီးအမြွှာနှစ်ဦးတွင် မွေးစာရင်းရရှိထားခြင်းမှာ ကလေးမွေးဖွားချိန်တွင် ဇနီးဖြစ်သူ၏ အလုပ်ရှင်က ထောက်ခံချက်ပေးသဖြင့် မွေးစာရင်းအလွယ်တကူ ရရှိခဲ့ခြင်းဖြစ်သည်။

“အမြွှာနှစ်ယောက်ကို မွေးတုန်းက ကျွန်တော့်ဇနီးက စက်ရုံမှာ အလုပ်လုပ်နေတုန်း။ သူ့သူဌေးဆီက ထောက်ခံစာလည်း ရထားတော့ ကလေးတွေ မွေးစာရင်းရဖို့ လွယ်ကူသွားတယ်ပြောရမယ်” ဟု စောဝင်းက ဆိုသည်။

အမြွှာနှစ်ဦးကို မွေးပြီးသောအခါ ဇနီးဖြစ်သူက ကလေးများကို ပြုစုစောင့်ရှောက်ရန် အလုပ်ကထွက်ထားခဲ့ကြောင်း သူကဆိုသည်။

ယခုအငယ်ဆုံးကလေးကို ၂၀၂၀ ခုနှစ် ဇူလိုင်လက မွေးဖွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က စမွတ်စခွန်ခရိုင်ရုံးသို့ ကလေးမွေးစာရင်း မှတ်ပုံတင်ရန် သွားချိန်တွင် အလုပ်ရှင်ထံက ထောက်ခံစာလိုအပ်လာခြင်းဖြစ်သည်။

ပုံစာ – ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ကတည်းက ကလေးမွေးစာရင်းပြုလုပ်ရန် အလုပ်ရှင်ဆီက တောင်းခံခဲ့သည့် ထောက်ခံစာပုံစံအကြမ်းကို စောဝင်းက ပြသစဉ် (သို့သော်လည်း ယခုအချိန်အထိ မရရှိသေးပေ)

သို့သော်လည်း စက်ရုံဘက်က မည်သည့်ထောက်ခံချက်ကိုမှ သူမရရှိခဲ့ပေ။

“စက်ရုံက ဝန်ထမ်းနဲ့ သက်ဆိုင်တဲ့သူတွေကို ကျွန်တော် အကြိမ်ကြိမ်ပြောပြတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးမလားဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း လုံးဝမပြောဘူး။ ဒီလိုကနေ မျှော်လင့်ချက်တွေ တဖြည်းဖြည်းမဲ့လာသလို ခံစားရတယ်။ တချို့အလုပ်သမားတွေလည်း ဒီလိုကြုံနေရတာပဲ။ ဘယ်သူမှ စက်ရုံဘက်က ထောက်ခံစာ ဘာညာ မရရှိခဲ့ဘူး” ဟု စောဝင်းက ဆိုသည်။

မွေးစာရင်းရရှိရန် စောဝင်းက ပုံမှန်နည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့ပြီး အခြားအလုပ်သမားများသည် ပွဲစားလမ်းကြောင်းများ အသုံးပြုခဲ့ကြကြောင်း သူက ဆိုသည်။

ဆေးရုံအနီးတွင် ဆိုင်ကယ်တက်စီပွဲစားအများစုက ဆောင်ရွက်ပေးနေကြပြီး ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘတ် ၃၀၀၀ ယူ၍ မွေးစာရင်းရရှိရန် လမ်းကြောင်းရှာ ဆောင်ရွက်ပေးနေကြသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က စောဝင်းအလုပ်လုပ်ခဲ့သော ထိုင်းနိုင်ငံ၏ နာမည်ကြီး ကုမ္ပဏီနှင့် အင်တာဗျူးရရှိခဲ့ရာ စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် တရားဝင် ဝန်ထမ်းများဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အလုပ်သမားများသည် တရားဝင် အလုပ်သမားများဖြစ်သဖြင့် မွေးစာရင်းမှတ်ပုံတင်ခြင်းကဲ့သို့သော တရားဝင် အခွင့်အရေးအားလုံး ရရှိရမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဖြေကြားခဲ့သည်။

စောဝင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကုမ္ပဏီဘက်က လက်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပုံစာ – ကုမ္ပဏီ၏အိမ်ထောင်စုစာရင်းထဲသို့ ကလေး၏အချက်အလက်များထည့်သွင်းရန် သဘောတူလက်ခံကြောင်းဖော်ပြထားသည့် စာရွက်စာတမ်းနမူနာပုံစံ

အလုပ်သမားနှင့် စက်ရုံ၏ HR (လူသားအရင်းအမြစ်) ဌာနကြား အနည်းငယ်နားလည်မှုလွဲ၍ ကွာဟမှုရှိသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ကုမ္ပဏီဘက်က သုံးသပ်သည်။

အလုပ်သမားဘက်က ထောက်ခံစာတောင်းရာတွင် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ထောက်ခံပေးဖို့ HR ဌာနဘက်က တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူက ဖြေကြားခဲ့သည်။

အလုပ်သမားများကို ထောက်ခံစာထုတ်ပေးခြင်းကလည်း ကုမ္ပဏီအတွက် ဝန်လေးစေသည့် ကိစ္စတစ်ခု မဟုတ်ကြောင်း ၎င်းကဖြေရှင်းခဲ့သည်။

“အထောက်အထားတွေ စာရွက်စာတမ်းတွေ ထုတ်ပေးရတာမျိုးက ကုမ္ပဏီအတွက် ပုံမှန်လုပ်ဆောင်ချက်တစ်ခုပါပဲ” ဟု ကုမ္ပဏီ၏ အကြီးတန်းဝန်ထမ်းတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် မွေးစာရင်းပြုလုပ်ရာတွင် ဆေးရုံတွင် မွေးဖွားသူများအနေဖြင့် ဆေးရုံက မွေးဖွားကြောင်း စာအုပ်ထုတ်ပေးသည်။

မွေးစာရင်းပြုလုပ်ရန် (၁) အိမ်ပိုင်ရှင်၏ အိမ်ထောင်စုစာရင်း/ ဇယား (၂) အကြောင်းကြားသူ၏ မှတ်ပုံတင် (၃) ဆေးရုံကထုတ်ပေးထားသော မွေးဖွားကြောင်း စာအုပ် (၄) မိဘများ၏ အထောက်အထား (ပန်းရောင်ကတ် သို့ နိုင်ငံကူးလက်မှတ် သို့ နယ်စပ်ဖြတ်ကျော်လက်မှတ်) များလိုအပ်သည်။

မိဘများက စာရွက်စာတမ်းများကို စု၍ သက်ဆိုင်ရာ ခရိုင်ရုံးသို့ သွားကာ ဥပဒေအရ ကလေးမွေးဖွားကြောင်း မှတ်ပုံတင်ပြီး မွေးစာရင်းထုတ်ယူနိုင်သည်။

ယင်းကဲ့သို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) နှင့်အညီ ရေးဆွဲထားသော ထိုင်းဥပဒေရှိနေသော်လည်း လက်တွေ့တွင် ထိုင်းနိုင်ငံရှိ ခရိုင်များ၏ သတ်မှတ်ချက်များမှာ ခရိုင်အလိုက် ကွာခြားမှုရှိနေခဲ့သည်။

ခရိုင်အသီးသီးရှိ အရာရှိများက ဥပဒေအထက်တွင် ရှိနေကြပြီး သတ်မှတ်ထားသော ဥပဒေများကို ပုံမှန်အတိုင်း လိုက်နာမှု မရှိကြပေ။

မှတ်ပုံတင်ဖို့ အဟန့်အတားများ

“အလုပ်ရှင်ရဲ့ အိမ်ထောင်စုအောက်မှာ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အဓိကပြဿနာ ကြုံတွေ့နေရတယ်။ အထူးသဖြင့် အလုပ်သမားတွေ ကလေးမွေးဖွားတဲ့အချိန်ပေါ့။ ဒီဖြစ်စဉ်တွေမှာဆိုရင် အလုပ်သမားတွေက ကလေးမွေးစာရင်းမှတ်ပုံတင်ဖို့ အလုပ်ရှင်ရဲ့ အိမ်ထောင်စုကို အသုံးပြုဖို့ လိုအပ်နိုင်တယ်” ဟု စီဝါဝွန်း စုက်တဝီး (Siwawong Sooktawee) ကဆိုသည်။

သူသည် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် ကလေးမွေးစာရင်းလုပ်ငန်းစဉ်များအတွက် ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများတွင် နှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့ဖူးသော ထိုင်းနိုင်ငံသား ပညာရှင်တစ်ဦးဖြစ်သည်။

စောဝင်း တွေ့ကြုံခဲ့သော ကလေးမွေးစာရင်းမှတ်ပုံမတင်နိုင်သည့် ပြဿနာနှင့် ပတ်သက်၍ အလုပ်ရှင်ထံမှ ထောက်ခံစာ ဘာကြောင့်လိုအပ်နေသနည်းဟု သူက မေးခွန်းထုတ်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်ထိုင်းနိုင်ငံ၏ နိုင်ငံသားမှတ်ပုံတင်ခြင်းဥပဒေ ၁၉၉၂ အရ ရွှေ့ပြောင်းအလုပ်သမားများ ကလေးမှတ်ပုံတင်ပေးရန် အလုပ်ရှင်ထံမှ ထောက်ခံစာမလိုအပ်ပေ။

ပုံစာ – မြန်မာအလုပ်သမားအများစု ကလေးမွေးဖွားရာ စမွတ်စခွန်ဆေးရုံကြီး

အကယ်၍ အလုပ်သမားတစ်ဦးတွင် နိုင်ငံကူးလက်မှတ်၊ Work Permit နှင့် အခြားစာရွက်စာတမ်းများ ရှိပါက ကလေးမွေးစာရင်းပြုလုပ်ရန် လုံလောက်ပြီဖြစ်ကြောင်း သူက ထောက်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ထိုင်းရှေ့နေတစ်ဦးဖြစ်သူ ပက်ပုမ် စဝမ်ခွန် (Pakpoom Sawangkhum) ကလည်း ရွှေ့ပြောင်းကလေးများ မွေးစာရင်းပြုလုပ်မှုနှင့်ပတ်သက်၍ အဓိက ကြုံတွေ့နေရသော အခက်အခဲတစ်ခုကို ထောက်ပြသည်။

“ နိုင်ငံခြားသားတစ်ဦး မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံသားမှတ်ပုံတင်ရုံးချုပ်ကနေ ထုတ်ပြန်ထားတာတဲ့ ၂၀၁၈ ခုနှစ် ဥပဒေပုဒ်မ ၆၊ အပိုဒ် ၂ အရ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး နေထိုင်တဲ့နေရာက အလုပ်ရှင်ရဲ့ လိပ်စာ၊ ကုမ္ပဏီနေရာ သို့မဟုတ် အလုပ်ရှင်မှ အလုပ်သမားများနေထိုင်ရန် ပေးထားသည့် နေရာနဲ့ တူညီနေရမယ်။ ဒီလိုနေထိုင်တာကိုလည်း အလုပ်ရှင်ကမှန်ကန်ကြောင်း တင်ပြနိုင်ရမယ် ဆိုတာပါတယ်” ဟု သူက ဆိုသည်။

ထို့ကြောင် အလုပ်သမားများက ကလေးမွေးစာရင်း မှတ်ပုံတင်ပြုလုပ်ရန်အတွက် အလုပ်ရှင်၏ အိမ်ထောင်စုစာရင်းနှင့် ထောက်ခံစာကို ပြသနေကြရကြောင်း သူက ဆိုသည်။

အလုပ်ရှင်အများစုကလည်း ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော အိမ်ထောင်စုစာရင်းကဲ့သို့ စာရွက်စာတမ်းများကို အလုပ်သမားများထံ ‌ပေးရန် ငြင်းဆန်နေကြသည်။

ထိုင်းနိုင်ငံသားမဟုတ်သော အလုပ်သမားတစ်ဦး၏ ကလေးမွေးစာရင်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အလုပ်ရှင်အများစုက နားမလည်ကြပေ။

ပုံစာ – စမွတ်စခွန်ဆေးရုံကြီး အရှေ့ဘက် မျက်နှာစာ

အထူးသဖြင့် စက်ရုံအများစုက အလုပ်ရှင်နှင့်ဝန်ထမ်းများသည်ပင် လုပ်ငန်းစဉ်ကို နားလည်မှုမရှိသဖြင့် အလုပ်ရှင်၏အထောက်အထားစာရွက်များ ထုတ်ပေးရန် ငြင်းဆန်နေကြဆဲဖြစ်သည်။

“ပြဿနာကတော့ ခရိုင်မှတ်ပုံတင်ရုံးက ဝန်ထမ်းတွေက ပုံမှန်လိုအပ်တဲ့ စာရွက်စာတမ်းတွေထက် ပိုတောင်းနေတာမျိုး တွေ့ရတယ်။ အလုပ်ရှင်ရဲ့ အလုပ်သမားတွေ နေထိုင်ကြောင်း အလုပ်လုပ်ကြောင်း မှန်တယ်ဆိုတာမျိုး ထောက်ခံစာတွေက ကလေးမှတ်ပုံတင်တဲ့နေရာမှာ တစ်ခါတလေ လိုအပ်နေတတ်တာမျိုးပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေကိုလည်း ပညာပေးရသလို ခရိုင်ဝန်ထမ်းတွေကိုလည်း ဥပဒေပိုင်းအရ ကလေးမှတ်ပုံတင်တဲ့အပိုင်းတွေမှာ စကားပြောရတာမျိုးအထိ ရှိခဲ့ဖူးတယ်” ဟု စီဝါဝွန်း စုက်တဝီး ကဆိုသည်။

ဥပဒေအထက်တွင် ဝန်ထမ်းနှင့် အရာရှိများ ရှိနေသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲဖြစ်နေကြကြောင်း သူက သုံးသပ်သည်။

အထူးသဖြင့် အစိုးရ အရာရှိများ၏ လာဘ်စားမှုများနှင့် အလုပ်ရှင်က ထောက်ခံပေးရန် ငြင်းဆန်နေသည့်အချိန်မျိုးတွင် ကလေးမွေးစာရင်းပြုလုပ်ရန် ခက်ခဲနေကြကြောင်း သူက ဆိုသည်။

“ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ကလေးမွေးစာရင်း မလုပ်နိုင်တာမျိုးက ရှားတယ်ပေါ့နော်။ ဒါမျိုးကို ရွှေ့ပြောင်းအလုပ်သမားတွေက အများစု နေနေတဲ့ နေရာတိုင်းမှာ ကြုံတွေ့နေရတာ။ နယ်စပ်ခရိုင်တွေလို အလုပ်သမားတွေ စုပြုံပြီး ရှိနေတဲ့ နေရာတွေလိုမျိုးပေါ့” ဟု သူက သုံးသပ်ခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်တစ်ခုမှ တစ်ခုသို့ အမြဲပြောင်းရွှေ့နေသဖြင့် ကလေးမွေးစာရင်းမှတ်ပုံတင်ရာတွင် ရှုပ်ထွေးစေနိုင်ကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ဆိုသည်။

FED သည် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားရေးနှင့် ကလေးပညာရေးအတွက် နှစ်ဆယ်ချီ လုပ်ဆောင်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

“ရွှေ့ပြောင်းအလုပ်သမားဆိုတာ အလုပ်ရှင် တစ်ဦးတည်း အတည်တကျလုပ်နေကြတာမဟုတ်ဘူး။ ဒီအလုပ်လုပ်ပြီး နောက်အလုပ်တစ်ခုပြောင်းသွားတယ်။ ပြောင်းသွားပြီးတဲ့အချိန် မွေးချိန်မှာရှိတဲ့ အလုပ်ရှင်နဲ့ လိုက်လို့မရတာမျိုး မလုပ်ပေးတာမျိုး အခက်အခဲဖြစ်တယ်” ဟု ကိုမင်းဦးက ဆိုသည်။

ကလေးငယ်တစ်ဦးက မွေးဖွားလာခဲ့ပြီး ထိုင်းတွင် မွေးစာရင်းမှတ်ပုံမတင်နိုင်ပါက အကျိုးဆက်အနေဖြင့် အခက်အခဲများစွာ ဖြစ်စေနိုင်ကြောင်း သူက ထောက်ပြသည်။

ပုံစာ – စမွတ်စခွန်ဆေးရုံရှေ့က အငှားဆိုင်ကယ်များ (အလုပ်သမားများထံမှ ဘတ် ၂၀၀၀-၃၀၀၀ ဝန်းကျင် ‌ယူ၍ မွေးစာရင်းပြုလုပ်ပေးသည်ဟုဆို)

ပထဆုံးအနေဖြင့် ကလေးကျောင်းအပ်နှံရာတွင် အခက်အခဲဖြစ်စေနိုင်ပြီး ထိုင်းကျောင်းနှင့် တက္ကသိုလ်များက ကျောင်းသားများ၏ မှတ်ပုံတင် အချက်အလက်များ တောင်းခံနိုင်သည်။

မွေးစာရင်းမရှိသော ကလေးငယ်တစ်ဦးအတွက် ကျောင်းတက်ဖို့ အခက်အခဲဖြစ်စေနိုင်သကဲ့သို့ နိုင်ငံမရှိသော ကလေးငယ်အထိ ဖြစ်သွားနိုင်ကြောင်း ကိုမင်းဦးက ပြောသည်။

အကျိုးဆက်အနေဖြင့် တရားဝင်လမ်းကြောင်းကတစ်ဆင့် မိခင်မြန်မာနိုင်ငံသို့ပင် မပြန်နိုင်တော့သည့် ကလေးငယ်တစ်ဦးအထိ ဖြစ်သွားနိုင်သည်။

ကလေးနှင့် မိဘများ မိခင်နိုင်ငံပြန်လိုပါက အထောက်အထားစုံလင်စွာရှိရမည်ဖြစ်ပြီး ကလေးငယ်၏ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာများလိုအပ်မည်ဖြစ်သည်။

အကယ်၍ ထိုင်းအာဏာပိုင်များ စစ်ဆေးချိန်တွင် မတင်ပြနိုင်ပါက လူကုန်ကူးမှုအထိ တရားစွဲခံရနိုင်ခြေရှိသည်။

ပုံစာ – စမွတ်စခွန်ဆေးရုံကြီး အတွင်းဘက် အခြေအနေ

မွေးစာရင်းမရှိသော ကလေးတစ်ဦးအတွက် အရေးကြီးဆုံးဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ခံစားပိုင်ခွင့်မရှိပေ။ စောဝင်း၏ကလေးငယ်ကဲ့သို့ ကျန်းမာရေးကုသခွင့်များ ဆုံးရှုံးနိုင်မည်ဖြစ်သည်။

စောဝင်းသည် မွေးစာရင်းမရှိသည့်အတွက် ကလေးကျန်းမာရေးအတွက် အစိုးရဆေးရုံတွင် ဘတ် ၃၀ တန်ဟုခေါ်သော ကျန်းမာရေးအာမခံကတ်လည်း မလုပ်ရသေးပေ။

အလှမ်းဝေးသော ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးခဲ့ရပြီး တစ်ခါပြသပါက ဘတ် ၄၀၀ မှ ၅၀၀ အထိ ကုန်ကျနေခဲ့သည်။

အကြီးအမြွှာနှစ်ဦးတွင်မူ ဆေးရုံဘတ်ရှိနေသဖြင့် ကျန်းမာရေးအတွက် ပူစရာမလိုအပ်ပေ။ စမွတ်စခွန်ဆေးရုံကြီးတွင် ကုသခွင့်ရှိပြီး ဘတ် ၃၀ ထက်ပိုကုန်ကျခဲ့ခြင်းမရှိကြောင်း မိခင်ဖြစ်သူက ဆိုသည်။

စောဝင်းနေထိုင်ရာ စမွတ်စခွန်ခရိုင်ရုံးပတ်ဝန်းကျင်သည် ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ကြသဖြင့် ပုံမှန်အားဖြင့် အလုပ်သမားများနှင့် ပတ်သက်၍ တင်းကြပ်လေ့ရှိကြောင်း Labour Protection Network (LPN) တည်ထောင်သူ Sompong Srakaew ကဆိုသည်။

LPN အဖွဲ့သည် စမွတ်စခွန်နှင့် အခြားခရိုင်များတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပညာရေး၊ အလုပ်သမားရေးများကို မြှင့်တင်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ပုံစာ – စမွတ်စခွန်ဆေးရုံကြီး အတွင်းဘက် အခြေအနေ

စမွတ်စခွန်ခရိုင်တွင် မှတ်ပုံတင်ရုံး ဝန်ထမ်းများက ရွှေ့ပြောင်းအလုပ်သမားများ မတင်ပြနိုင်သော နေရပ်လိပ်စာနှင့် အလုပ်ရှင်အချက်အလက်များကို တောင်းခံလေ့ရှိသည့် အခြားဖြစ်စဉ်များလည်းရှိကြောင်း Sompong Srakaew က ဆိုသည်။

ထို့ကြောင့် အလုပ်သမားများက ကလေး မွေးစာရင်း ကိုယ်တိုင်မပြုလုပ်နိုင်ကြသဖြင့် ပွဲစားများထံ ချဉ်းကပ်ကြရပြီး ငွေကြေးကုန်ကျခံ၍ ပြုလုပ်နေကြရကြောင်း ထောက်ပြသည်။

“ဥပဒေအရဆို ကလေးက ဒီမှာမွေးတယ်ဆိုရင် စာရွက်စာတမ်း များများစားစားမလိုဘူး။ ထိုင်းနိုင်ငံမှာ မွေးတဲ့ ကလေးငယ်တိုင်းက သူတို့မွေးဖွားခဲ့ကြောင်း မှတ်ပုံတင်နိုင်ရမယ်။ ဒါပေမဲ့လည်း ဒေသအများစုက ရုံးတွေကနေ တောင်းတဲ့ စာရွက်စာတမ်းတွေက မတူပြန်ဘူး။ ဒါတွေကပဲ မွေးဖွားလာတဲ့ ကလေးငယ်တွေ မွေးစာရင်း မှတ်ပုံမတင်နိုင်ဖြစ်စေတာပဲ” ဟု LPN တည်ထောင်သူ Sompong ကဆိုသည်။

ပေါ်လစီများကြားက မြေစာပင်များ

ထိုင်းနိုင်ငံအတွင်း မွေးဖွားသည့် ကလေးတိုင်းသည် မိဘများ၏ နေထိုင်ကြောင်း တရားဝင်ဖြစ်မှုပေါ်မူတည်၍ ကလေးမွေးစာရင်း မှတ်ပုံတင်ခွင့်ကို ဥပဒေအရ ခံစားခွင့်ရှိကြောင်းကိုလည်း ထိုင်းနိုင်ငံ ခရိုင်မှတ်ပုံတင်ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗီးန စရီစုက် (Venus Srisuk) ကထောက်ပြသည်။

“ထိုင်းမှာ မွေးဖွားခဲ့တာ သက်သေပြနိုင်ရင် ကလေးတိုင်း မွေးစာရင်းကို မှတ်ပုံတင်ခွင့်ရသင့်တယ်။ ကျွန်တော်တွေ့ရသလောက် ဒီကိစ္စကို ရုံးတွေကနေ ဥပဒေအရ တသမတ်တည်း လိုက်နာကျင့်သုံးနေတာမျိုး မရှိဘူး။ ဒါက ဘယ်နေရာမှာလို့ တပ်အပ်ပြောလို့မရဘဲ ထိုင်းရဲ့ နေရာတော်တော်များများမှာ ဖြစ်နေတဲ့ကိစ္စဖြစ်တယ်” ဟု သူက ဆိုသည်။

သူသည် ယခင် အစိုးရရာထူးမှ အငြိမ်းစားယူပြီး လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

“အလုပ်ရှင်ဆီက စာရွက်စာတမ်းတွေကို မွေးစာရင်းမှတ်ပုံတင်တဲ့အခါ အသုံးပြုရမယ်လို့ ဥပဒေအရ တိတိကျကျ မသတ်မှတ်ထားလို့ ဒီထောက်ခံစာကို မှတ်ပုံတင်တဲ့နေရာမှာ အသုံးပြုဖို့ မလိုအပ်ဘူး။ ကလေးတစ်ယောက်ကို ဆေးရုံမှာ မွေးဖွားမယ်ဆိုရင် အကြောင်းကြားဖို့တာဝန်ရှိတဲ့သူက ဆေးရုံကပဲဖြစ်တယ်” ဟု သူကဆိုသည်။

ပုံစာ – စမွတ်စခွန်ခရိုင်ရုံး 

မွေးကင်းစကလေးတစ်ဦးကို ဆေးရုံက အောင်မြင်စွာ မွေးဖွားပြီးသည့်နောက် ဆေးရုံ၏ ဆေးဘက်ဆိုင်ရာ မှတ်ပုံတင်ဌာနမှတစ်ဆင့် ကလေးအတွက် ဆေးရုံလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း Venus က ဆိုသည်။

ထိုဆေးရုံလက်မှတ်ကို မိဘများက ကိုင်ဆောင်ပြီး ခရိုင်ရုံးတွင် မွေးစာရင်း မှတ်ပုံတင်ခြင်းကို တိုက်ရိုက်လျှောက်ထားနိုင်သည်။

သို့သော် စမွတ်စခွန်ခရိုင်ရုံးက စောဝင်း၏ကလေးငယ် မွေးစာရင်းမှတ်ပုံတင်ရန်အတွက် အလုပ်ရှင်၏ ထောက်ခံစာကို တောင်းခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စမွတ်စခွန် မှတ်ပုံတင်ဦးစီးဌာန၏ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အလုပ်ရှင်၏ ထောက်ခံစာတောင်းခံခြင်းသည် မွေးစာရင်းမှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

အလုပ်ရှင်၏ ထောက်ခံစာနှင့် အချက်အလက်များက ကလေး၏အမည်ကို အလုပ်ရှင်၏ အိမ်ထောင်စုစာရင်းသို့ လွှဲပြောင်းရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အလုပ်သမားများက မိမိအလုပ်ရှင်ထံမှ ထောက်ခံစာနှင့် စာရွက်စာတမ်းများ မရရှိပါကလည်း ကလေးကို ပုံမှန်မှတ်ပုံတင်သည့် လုပ်ငန်းစဉ်အတိုင်း မှတ်ပုံတင်သွားမည်ဖြစ်ပြီး ဗဟိုမှတ်ပုံတင်စာရင်းတွင် စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

“တကယ်လို့ အလုပ်သမားတွေက အလုပ်ရှင်တွေဆီကနေ စာရွက်စာတမ်းမပြနိုင်ရင် မွေးစာရင်း မှတ်ပုံတင်လို့မရဘူးလို့ မဆိုလိုဘူး။ မှတ်ပုံတင်မယ်ဆိုရင် ကလေးနာမည်က ဗဟိုအိမ်ထောင်စုမှတ်ပုံတင်စာရင်းထဲ ပါနေမယ်။ ကလေး အသက် ၅ နှစ် ပြည့်တဲ့အခါမှာတော့ ပုံမှန်အိမ်ထောင်စုစာရင်းထဲ ထည့်ဖို့လိုတယ်။ ဒါကြောင့် မိဘတွေလုပ်ကိုင်နေတဲ့ အလုပ်ရှင်ရဲ့ အိမ်ထောင်စုထဲ နောက်ဆက်တွဲထပ်ပြီး လွှဲပြောင်းဖို့ လိုအပ်တယ်” ဟု စမွတ်စခွန် မှတ်ပုံတင်ဦးစီးဌာန တာဝန်ခံတစ်ဦးက ဆိုသည်။

စမွတ်စခွန်ဒေသသည် မြန်မာအလုပ်သမားအများဆုံးရှိသော ဒေသဖြစ်ပြီး အလုပ်သမားများနှင့် အစိုးရရုံးမှ တာဝန်ရှိသူများကြား တိုက်ရိုက်ဆက်သွယ်မှု အားနည်းနေခဲ့သည်။

အလုပ်သမားများက အလုပ်သမားအရေး ကိစ္စတစ်ခုခုပြုလုပ်လိုလျှင် ကြားခံပွဲစားများကိုသာ အားကိုးနေကြရပြီး ပွဲစားအားကိုးမှသာ ပြေလည်နေခဲ့ကြသည်။

ပုံစာ – ထိုင်းတွင် အသက် ၁၈ နှစ်အောက် ရွှေ့ပြောင်းကလေးငယ် ၅ သိန်းခန့်ရှိသည် (UNICEF)

သတင်းရေးသူကိုယ်တိုင် မဟာချိုင်ဆေးရုံတွင် ကလေးမွေးဖွားခဲ့သော Unicorn Mahachai ကုမ္ပဏီမှ အလုပ်သမားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း မွေးစာရင်းပြုလုပ်ရန် အလုပ်ရှင်ထောက်ခံစာလိုအပ်ကြောင်း ဖြေကြားခဲ့သည်။

လိုအပ်သော စာရွက်များမှာ (၁) မိဘနိုင်ငံကူးလက်မှတ် (၂) ကလေးမွေးဖွားမှတ်တမ်းစာအုပ် (ဆေးရုံမှစာရွက်စာတမ်း) (၃) အလုပ်ရှင်ထံမှ ထောက်ခံစာ (၄) ဘာသာပြန်စာရွက်များဖြစ်သည်။

စာရွက်စာတမ်းအားလုံးကို ယူဆောင်၍ စမွတ်စခွန်ခရိုင်ရုံးသို့ သွားရောက်ခဲ့ပြီး မွေးစာရင်း လျှောက်ထားရရှိခဲ့သည်။

သို့သော်လည်း လုပ်ငန်းစဉ်အသေးစိတ်ကို မသိရှိသဖြင့် ကလေးမွေးစာရင်းပြုလုပ်ရန် ပွဲစားကို ဘတ်ငွေ ၂၀၀၀ ပေး လုပ်ဆောင်ခဲ့ရကြောင်း အမည်မဖော်လိုသူ အလုပ်သမားက ဆိုသည်။

ထိုင်းနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ရွှေ့ပြောင်းကလေးငယ် ငါးသိန်းခန့်ရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ခန့်မှန်းချက်အရ သိရသည်။

၎င်းတို့အနက် ၁၀ ရာခိုင်နှုန်းရှိသော ကလေးငယ် ၅ သောင်းခန့်တွင် တရားဝင်မွေးစာရင်း စာရွက်စာတမ်းများ မရှိပေ။

အကြောင်းမှာ အလုပ်ရှင်ထံမှ စာရွက်စာတမ်းများ မရရှိမှုက အဓိက အခက်အခဲတစ်ခု ဖြစ်နေသည်။

မွေးစာရင်းရရှိရန် ခက်ခဲနေခြင်းက ကာယကံရှင် ကလေးများနှင့် မိဘများကိုသာမက နောက်ဆက်တွဲအနေဖြင့် ထိုင်းနိုင်ငံအရေးကိုပါ ထိခိုက်မှုရှိနေခဲ့သည်။

လူ့အခွင့်အရေးသည် အမျိုးသားလုံခြုံရေးအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း Venus Srisuk က ထောက်ပြခဲ့သည်။

အလုပ်သမားများ၏ ကလေးများ မွေးစာရင်း မှတ်ပုံတင်ခွင့်ရရှိရန်မှာ အစိုးရနှင့် အလုပ်ရှင်ကဏ္ဍ နှစ်ဖက်စလုံး ပူးပေါင်း ပံ့ပို့ပေးရန် တာဝန်ရှိကြောင်း သူက ဆိုသည်။

တရားဝင် မွေးဖွားမှု မှတ်ပုံတင်နိုင်မှသာ ကလေးများ မိခင်နိုင်ငံ ပြန်နိုင်မည်ဖြစ်ပြီး မွေးစာရင်းမရှိပါက အိမ်လည်းမပြန်နိုင် ထိုင်းနိုင်ငံအတွက် ဝန်တစ်ခုဖြစ်လာနိုင်သည်ဟု သူက ကောက်ချက်ချသည်။

“အလုပ်သမားတွေရဲ့ ကလေးတွေက မွေးစာရင်းမှတ်ပုံမတင်နိုင်တာက ထိုင်းအတွက် အခွင့်အလမ်းတွေကို ဆုံးရှုံးစေနိုင်တယ်။ နောက်ထပ် နိုင်ငံမဲ့ကလေးအထိ ဖြစ်ပေါ်လာစေနိုင်တာပဲ။ မွေးစာရင်းက ထိုင်းနိုင်ငံထဲမှာ လူဦးရေ ဘယ်လောက်နေနေတယ်ဆိုတာကို တိတိကျကျသိစေတယ်။ ဘယ်လူဦးရေက ဘယ်နေရာမှာ ဘယ်လောက် နေထိုင်နေတယ်ဆိုတာမျိုး တိတိကျကျ သိရတာက အစိုးရအတွက်လည်း အကျိုးရှိစေနိုင်တယ်” ဟု Venus က ဆိုသည်။

(စောဝင်းလုပ်ကိုင်သော ကုမ္ပဏီနှင့် မေးမြန်းပြီးနောက် သူ၏ အချက်အလက်များကို ထုတ်ဖော်ပြောဆို၍ မရသဖြင့် အမှုကို ဆက်လက်ကူညီဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးအဖွဲ့ (LPN) ထံ လွှဲပြောင်းပေးခဲ့သည်)

(ယခုဆောင်းပါးသည် Visual Rebellion Myanmar အဖွဲ့ နှင့် the Spirit in Education Movement အဖွဲ့တို့မှ ပူးတွဲစီစဉ်သော ၂၀၂၃ ထိုင်း-မြန်မာ မီဒီယာသင်တန်း မှ ထောက်ပံ့မှုဖြင့် ထုတ်ဝေခြင်းဖြစ်သည်။

ဆောင်းပါးကို ထိုင်းနှင့် မြန်မာသတင်းထောက် ၂ ဦး၊ မြန်မာသုတေသနပညာရှင် ၂ ဦးဖြင့် စုံစမ်းဖော်ထုတ်ရေးသားသည်။

ဤသတင်းဆောင်းပါးကို အာရှ-ပစိဖိတ် အခြေစိုက်အကြံပေးအဖွဲ့အစည်း Factum မှ အင်္ဂလိပ်ဘာသာဖြင့်ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေမှုကို ဒီနေရာတွင်ဖတ်ရှုနိုင်သည်။)