မန္တလေး ပတ်စ်ပို့ရုံးတွင် လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦးသေဆုံး

0
4369
Photo - နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့

မန္တလေးမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၉ရက် နံနက်တွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုပ်ရန် တန်းစီတိုးဝှေ့ရာမှ လူအုပ်ပိပြီး အသက်ရှူကြပ်သတိလစ်ကာ အမျိုးသမီးနှစ်ဦးသေဆုံးကြောင်း နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၂နာရီခွဲဝန်းကျင်တွင် တန်းစီတိုးဝှေ့ရာမှ လူအုပ်ပိခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ သုံးဦးစလုံးမှာ မန္တလေးတွင် နေထိုင်သူများဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းအနက် အသက် ၅၂နှစ်အရွယ် ဒေါ်ခင်မျိုးအေး၊ အသက် ၃၉နှစ်အရွယ် ဒေါ်ခိုင်ဝေတို့ သေဆုံးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အသက် ၅၃နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းဆိုသူတွင်လည်း ခြေထောက်ကျိုးဒဏ်ရာရကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

မန္တလေး ပတ်စ်ပို့ရုံးတွင် နေ့စဉ် လူနှစ်ရာဝန်းကျင်ကိုသာ ပတ်စ်ပို့ပြုလုပ်ပေးသော်လည်း တန်းစီစောင့်ဆိုင်းသူ လူထောင်ချီရှိနေကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြချက်အရသိရသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်မှ အနားမယူမီ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက် သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာ အသက်သွင်းခဲ့သည်။

ယင်းနောက် စိုးရိမ်ထိတ်လန့်ကာ လူငယ်လူရွယ်များ ပြည်ပသို့ ထွက်ခွာရန်ကြိုးပမ်းလာကြပြီ ပတ်စ်ပို့ပြုလုပ်သူ များပြားလာသည်။