စစ်ခေါင်းဆောင်ရဲ့ စစ်မှုမထမ်းမနေရ ပြည်သူတွေဘာပြောနေလဲ (၃)

0
4534

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်ကောင်စီတပ်ထဲဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

အချိန်အနည်းဆုံး ၂ နှစ် (၂၄ လ)စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသူများနှင့် အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသူများဟုဆိုကာ ခွဲခြားထားပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရေးသားထားသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် ဝေဖန်မှုများစွာဖြစ်ပေါ်နေပြီး စစ်ကောင်စီ ကျရှုံးရန် နီးကပ်လာပြီဟု သုံးသပ်သူများလည်းရှိကြသည်။

‘၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က (နိဂုံးရဲ့အစ) ဆိုရင်…..၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့ စတင်အာဏာတည်သော ဥပဒေက (နိဂုံးရဲ့ အဆုံးသတ်) လို့ဆိုရမှာပေါ့’ ဟု စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို ဦးဆောင်တိုက်ခိုက်နေသူ တစ်ဦးဖြစ်သည့်ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်းတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မှတ်ချက်ပြု ရေးသားထားသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးဆွဲအတည်ပြုပြီး ၂၀၂၁ ခုနှစ် စစ်အာဏာရှင်အသစ်က အသက်သွင်းလိုက်သည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် လူငယ်များနှင့် ပြည်သူများ၏ သဘောထားကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“လူငယ်တွေက စစ်မှုထမ်းမှာတော့မဟုတ်ဘူး။ PDF ထဲကိုပဲ ပိုပြီးဝင်လာကြမယ်လို့ထင်တယ်”

ဂျပန်သွားရန် ပြင်ဆင်နေသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး၊ ထားဝယ်မြို့၊

DW ။ စစ်ကောင်စီက အခုလိုစစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ ဒီလိုအချိန်မှာတော့ ဘယ်သူမှလုပ်ချင်မှာ မဟုတ်ဘူးလို့ထင်တာပဲ။ သူအဲလိုမျိုးလုပ်လိုက်မှ လူငယ်တွေက စစ်မှုထမ်းမှာတော့မဟုတ်ဘူး။ PDF ထဲကိုပဲ ပိုပြီးဝင်လာကြမယ်လို့ထင်တယ်။ ဒီဘက်ခြမ်းကိုပဲ ပိုပြီးအားသန်လာကြ လိမ့်မယ်လို့ထင်တယ်။ အခုမြင်နေရတာလဲ အဲလိုက ပိုများနေတယ်။

DW ။ ဒီဥပဒေ အကြောင်းပြုပြီး ပေါ်တာဆွဲတာ ဖြစ်နိုင်မလား။

ဖြေ ။ ပေါ်တာဆွဲတာတော့ ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ပေါ်တာဆွဲမယ်ဆို ဆွဲတာကြာလှပြီလေ။ အဲဒီကိစ္စနဲ့မှ အခုမှထပြီးပေါ်တာဆွဲမှာတော့ မဟုတ်ဘူး။ ပြီးတော့ နယ်တွေဘက်မှာလည်း ပေါ်တာဆွဲတဲ့ပုံစံမျိုးတွေ ရှိနေတာပဲလေ။

DW ။ စစ်မှုထမ်းဖို့ ခေါ်လာခဲ့ရင် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ဘာကြောင့်လဲ။

ဖြေ ။ မလုပ်ဘူး လုပ်လည်း မလုပ်ဘူး။ သူတို့ဆီဝင်မယ့်အစား ကိုယ့်လူဘက်ခြမ်းကိုပဲ ဝင်ပြီးနေလိုက်မယ်။ တကယ်လို့ ပုံမှန်ကာလလိုမျိုးဆိုရင်တော့ လုပ်ဖြစ်မယ်။

DW ။ အခုကိစ္စက လတ်တလော လူငယ်တွေကြားထဲမှာ ဟော့နေတယ်ပေါ့နော်။ အဲတော့ ညီမတို့ လူငယ်တွေကြားထဲမှာရော ဘယ်လိုမျိုးပြောဆိုနေတာရှိလဲ။

ဖြေ ။ စစ်မှုထမ်းဖို့ သူတို့ခေါ်သွင်းပြီဆိုကတည်းက တစ်ခါတစ်လေ ရှေ့တန်းလည်း ထွက်ချင်ထွက်ရမယ်လေ။ အဲဒီအခါ ကိုယ့်လူကိုယ် ပြန်ပစ်ရမယ့်အတူတူ မပစ်နိုင်ဘူး။ PDF ထဲပဲ ဝင်မယ်ဆိုပြီး အဲလိုမျိုးပဲရှိတယ်။ ပုံမှန်အချိန်လိုမျိုး ဆိုရင်တော့ အခုကိစ္စက ကိုယ့်နိုင်ငံအတွက်ကောင်းတယ်လို့ ထင်တာပဲ။ ယောကျ်ား၊ မိန်းမအားလုံးအတွက် ကောင်းပါတယ်။ အခုလို နိုင်ငံရေးမကောင်းတဲ့အချိန်မှာ ထလုပ်တာကတော့ အဆင်လည်းမပြေဘူး။ ဘယ်သူမှလည်း မလုပ်ချင်ဘူး။

“နောက်ဆုံးလူတွေက ဟိုဘက်ခြမ်းကိုပဲ(PDF) ရောက်သွားလိမ့်မယ်။ ပြည်ပကိုလည်း ရှောင်သွားကြလိမ့်မယ်”

စစ်ဘေးရှောင်တစ်ဦး၊ ရငဲကျေးရွာ၊ သရက်ချောင်းမြို့နယ်

DW ။ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို အတည်ပြုပြဌာန်းလိုက်တယ်ပေါ့နော်၊ အဲ့ဒါနဲ့ပတ်သက်ပြီး ကျေးရွာတွေဘက်မှာ ဘာတွေပြောဆိုနေတာရှိလဲ။

ဖြေ ။ အဲဒါနဲ့ ပတ်သက်ပြီးသတင်းတော့ ထွက်နေတာပေါ့နော်။ ဘယ်သူတစ်ဦးတစ်ယောက်က ရင်ဆိုင်ပြီးလုပ်မှာလဲ။ အကိုတို့အနေနဲ့တော့ ဒီလိုလုပ်ဖို့ မလိုအပ်ဘူးလေ။ အရွယ်လည်းလွန်သွားပြီ။ ဒီဘက်မှာတော့ ရင်ဆိုင်ဖို့လူတစ်ယောက်မှ မရှိဘူး။ ရှောင်ဖို့လူချည်းပဲ။ လိုလိုလားလားမရှိဘူးပေါ့လေ။

DW ။ အခုလိုလုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ သူတို့လုပ်တာက ဖြစ်လာမယ်လို့ မထင်ဘူး။ သူတို့ဘက်က ဘယ်လိုမျိုးလုပ်လာမလဲတော့ မသိဘူး။

DW ။ ဒီလိုမျိုးလုပ်ဆောင်မှုနဲ့ တပ်သားစုဆောင်းနိုင်မယ်ထင်လား။

ဖြေ ။ ကျွန်တော့်အနေနဲ့တွေးတာတော့ သူတို့လိုက်ဖမ်းရင်ဖမ်းပဲ။ သူတို့နားကိုကတော့ ဘယ်သူတစ်ဦး တစ်ယောက်ကမှ ခေါင်းတည်ပြီး လာဖို့လူမရှိဘူး။

DW ။ ဒီဥပဒေ အကြောင်းပြုပြီး ပေါ်တာဆွဲတာ ဖြစ်နိုင်မလား။

ဖြေ ။ အဓမ္မဖမ်းရင် ဖမ်းပဲ။ ဒီကိစ္စက နယ်တွေဘက်မှာ အဲလောက်ထိ ဟော့မဖြစ်သေးဘူး။ မြို့တွေမှာ သူတို့လုပ်ရင်လုပ်ပဲ။ နယ်တွေမှာ သူတို့အဲလိုလာလုပ်လို့ မရဘူးလေ။ သူတို့စစ်ကြောင်းထိုးတဲ့အခါ လူတွေအနေနဲ့တော့ နားစွင့်နေရမှာပေါ့။

DW ။ စစ်မှုထမ်းဖို့ ခေါ်လာခဲ့ရင် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ဘာကြောင့်လဲ။

DW ။ ကျွန်တော့်အနေနဲ့တော့ ဒီလိုကိစ္စမျိုးကြုံလာရင် ရင်မဆိုင်ဘူး။ တစ်နေရာရာကိုပဲ ရောက်သွားလိမ့်မယ်။ ကိုယ့်မှာလည်းမှတ်ပုံတင်တွေ ဘာတွေရှိတယ်လေ ပြလို့ရတယ်။ အသက် ၅၀ ရှိနေပြီ။ အားလုံးက ရှောင်ထွက်ဖို့ လူတွေချည်းပဲ။ နောက်ဆုံးလူတွေက ဟိုဘက်ခြမ်းကိုပဲ(PDF) ရောက်သွားလိမ့်မယ်။ ပြည်ပကိုလည်း ရှောင်သွားကြ လိမ့်မယ်။