ပုလော နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

0
2080
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က စစ်ကြောင်း သုံးကြောင်း ထိုးကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။

အင်အား ၂၀၀ ပါ စစ်ကောင်စီစစ်တပ်နှင့် အနီးကပ်ထိတွေ့တိုက်ပွဲပြီး ဇွန်လ ၂၁ ရက် ည ၇နာရီအထိ အပြင်းအထန် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအကြိမ်ရေ ရာနှင့်ချီပစ်ခတ်ခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး အလောင်းတစ်လောင်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလည်း အသက် ၃၀ အရွယ် ရဲဘော် သံချောင်းကျဆုံးကြောင်း အဆိုပါ အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-ပုလော ပြည်ထောင်စုလမ်းကို မလိုအပ်လျှင် မသွားလာကြရန် မေတ္တာရပ်ခံ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နှစ်ရက်တာတိုက်ပွဲအတွင်း ပုလောမြို့နှင့် ပလမြို့တို့တွင် ခရီးသည်ကားများ၊ ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်မိခဲ့ပြီး ယနေ့ နံနက်တွင် ပြန်လည်သွားလာခွင့်ရခဲ့သည်။

တိုက်ပွဲဖြစ်ခဲ့သည့် ပဝတ်ကုန်းရွာတွင် တိုက်ပွဲများကြောင့် ဒေသခံများ မနေထိုင်သည်မှာ ကြာပြီဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြိတ်-ပုလောပြည်ထောင်စုလမ်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။