ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးဖမ်းမိကြောင်းထုတ်ပြန်

0
2179

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတွင် အရပ်ဝတ်ဖြင့် ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းမိကြောင်း အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ဇွန်လ ၂၁ ရက်က ထုတ်ပြန်သည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံနှင့် ကားသမားတို့ထံမှ သိရသည်။

ယင်းကားလမ်းမတစ်လျှောက်တွင် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်သားများသွားလာမှုကို စောင့်ကြည့်နေသည်ဟု KNLA နှင့် PDF တို့ ပူးပေါင်းဖွဲ့ထားသည့် အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးနေစဉ် ခရီးသည်အသွင်ဖြင့် မော်တော်ယာဉ်ပေါ် အရပ်ဝတ်ဖြင့် လိုက်ပါစီးနင်းလာသည့် စစ်ကောင်စီတပ်သား လေးဦးကို ဖမ်းဆီးရမိပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ၏ ကိုယ်ရေးအချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယင်းလမ်းတွင်သွားလာနေသည့် ခရီးသွားပြည်သူများ၊ ကားများအနေဖြင့် စစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ ရုပ်ဝတ္ထုပစ္စည်း လုံးဝမတင်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ ယာဉ်များအနေဖြင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံရန် KNLA ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူလူထုအား အကာအကွယ်ယူ၍ သွားလာခြင်း၊ အင်အား ဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုလို အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNLA က ဆိုထားသည်။

“စစ်ဆေးတဲ့အခါမှာ အဓိက ကားပေါ်က ပါလာတဲ့လူတွေကို စစ်တာ။ ဘယ်ကလာလဲ၊ ဘယ်သွားလဲပေါ့။ အဲဒီလောက်ပါပဲ။ သိပ်ပြီး တင်းတင်းကျပ်ကျပ် စစ်တာမျိုးတော့ မဟုတ်ဘူး။ အဓိက သူတို့နဲ့ တိုးရင် အစစ်ဆေးခံဖို့က အရေးကြီးတယ်” ဟု မော်လမြိုင်-ရေး လိုင်းကားပြေးဆွဲနေသူတစ်ဦးက ပြောသည်။  

KNLA အနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် တိတိကျကျ လိုက်နာ ကြရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ကိစ္စမျိုးကိုမဆို တာဝန်ယူမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက် ခံရသည့် ဖြစ်စဉ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက်ရှိလာခဲ့သည်။

ရေး-သံဖြူဇရပ်ကားလမ်းတလျှောက်တွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်။