ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မညိုမာဦး လွတ်ရက်စေ့သဖြင့်ပြန်လွတ်

0
2128

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် မညိုမာဦး(ခ)မညိုမာမှာ ယနေ့(ဇွန် ၂၂) မနက်ပိုင်းက ထားဝယ်အကျဉ်းထောင်မှ လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားကွန်ရက်က သတင်းထုတ်ပြန်သည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦးသည် ပင်မသပိတ်စစ်ကြောင်းကို ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်ညပိုင်းက ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်တွင် အခြားလူငယ်သုံးဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

မညိုမာဦးကို စစ်ကောင်စီတပ်ဖွဲ့က ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉ (စ)တို့ဖြင့်တရားစွဲဆိုခဲ့ပြီး ထားဝယ်ထောင်တွင်းတရားရုံးက ထာင်ဒဏ် ၃ နှစ် ၆လ အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

မညိုမာဦးနှင့် အတူဖမ်းဆီးခံခဲ့ရသည့် ကိုသူရဇော်၊ ကိုစိုးသက်ဇော်၊ ကိုခန့်ညီညီသန့်တို့သုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၁ ရက်က လွတ်ရက်စေ့ပြီး ပြန်လွတ်လာကြခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူ လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၆၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၁၀ ခန့်ရှိသည်။

၂၀၂၃ ခုနှစ် မေလ ၃ ရက်က ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ ၁၂ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။