ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ လူအသွားအလာတိတ်ဆိတ်

0
2013
ပုံစာ - ကလိန်အောင်မြို့ ထွေ/အုပ်ရုံး။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။

ကလိန်အောင်မြို့အတွင်းရှိ ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ဇွန်လ ၂၁ရက်ည ၁၁ နာရီခန့်ကစပြီး ညသန်းခေါင်ကျော်အထိ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သံများကြားရကြောင်း မြို့ခံတို့က ဆိုသည်။

“ည ၁၁နာရီလောက်က သေနတ်သံ ၂ချက် စကြားရတယ်။ ပြီးတာနဲ့ သေနတ်သံရော၊ လက်နက်ကြီးသံရော ည ၁ နာရီကျော်လောက်အထိ ဆက်တိုက်ကြားနေရတယ်။ အဓိကကြားရတာက ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းဘက်က ကြားရတာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရခြင်းဖြစ်ပြီး ရုံးနံရံတွင် မီးလောင်ထားသည့်အရာများတွေ့ရကြောင်း မြို့ခံအချို့က ယနေ့ ဇွန်လ ၂၂ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

ရေး-ထားဝယ် ကားလမ်းမပေါ်တွင်လည်း ကျည်ဆန်အခွံများ တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုလည်း မသိရသေးကြောင်း မြို့ခံတို့က ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဇွန်လ ၂၂ ရက်တွင် မြို့တွင်း လမ်းမပေါ် လူအသွားအလာတိတ်ဆိတ်နေပြီး စစ်ကောင်စီတပ်က ကလိန်အောင် အထွေထွေအုပ်ချုပ်ရေးရုံးကို နေ့လည်ပိုင်းတွင် လာရောက်စစ်ဆေးခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယခုနှစ် မတ်လတွင်လည်း ယခုကဲ့သို့ မြို့တွင်းလမ်းမပေါ် ညဘက်ပစ်ခတ်မှုဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။

မေလဆန်းပိုင်းတွင်မူ ကလိန်အောင်မြို့အနီးရှိ ခမရ ၄၀၈ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၃ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ဖူးသည်။