ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုသွားသည့် စစ်ကောင်စီအဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ

0
2186

ထားဝယ်အရှေ့တော‌ဒေသရှိ ဖောင်းတောရေအားလျှပ်စစ်စက်ရုံသို့ သွားသည့် စစ်ကောင်စီအဖွဲ့ကို
ကော်သူးလေအာမီ-KTLA က နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KTLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ထားဝယ်မြို့မှ ဖောင်းတောသို့ သွားရောက်စဉ် ဇွန်လ ၂ဝရက် မွန်းလွဲ ၂နာရီခန့်က လမ်းခုလတ်ရှိ မိုင် ၄ဝတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၁ရက် နံနက်ပိုင်းတွင်လည်း မိုင် ၄ဝသို့ မရောက်မီ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က မြေသယ်ကားများဖြင့် လာခြင်းဖြစ်သလို ခြေလျင်စစ်ကြောင်းကလည်း နယ်မြေရှင်းလင်းသည့် ပုံစံဖြင့် လိုက်ပါလာကြောင်း KTLA မှ တာဝန်ရှိသူတစ်ဦးနှင့် ထားဝယ်စုပေါင်းစစ်ကြောင်းက တာဝန်ရှိသူ ကိုရေလှိုင်းတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့်အတူ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အရာရှိများပါ လိုက်ပါလာခြင်းဖြစ်ကြောင်း KTLA မှ တာဝန်ရှိသူက ဆိုသည်။

မိုင် ၄ဝတွင်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှာ ၎င်းတို့စခန်းရှိသည့် ဟိန္ဒားသို့ ပြန်ဆုတ်သွားလေ့ရှိပြီး အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း KTLA မှ တာဝန်ရှိသူနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က တာဝန်ရှိသူတို့က ပြောဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းက မိုင် ၄ဝမှ ဟိန္ဒားဘက်ကို မြေသယ်ကားများဖြင့် ပြန်လာချိန် ကားပေါ်တွင် သေဆုံးထိခိုက်ဒဏ်ရာ ရသူများကို တင်ဆောင်သွားသည်ကို ဒေသခံအချို့ တွေ့မြင်ကြကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သွေးစက်တွေ ကျနေတာလည်းတွေ့တယ်တဲ့။ ကားပေါ်မှာ အလောင်းတွေရော ထိခိုက်ဒဏ်ရာရသူတွေရော တင်လာတာ တွေ့လိုက်တယ်” ဟု မျက်မြင်တွေ့ရှိသည့် သူငယ်ချင်းဖြစ်သူ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံ အမျိုးသားတစ်ဦးက ပြန်ပြောင်းပြောဆိုသည်။

နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် ဟိန္ဒားမှ ဖောင်းတောဘက်သို့ ကားဖြင့် မလာတော့ဘဲ တောလမ်းများမှ ခြေလျင်သာ သွားတော့ကြောင်း KTLA မှ တာဝန်ရှိသူက ပြောသည်။

မြေသယ်ကား၊ စစ်ကား ၁၅ စီးခန့်နှင့် အိမ်စီးကား ၃ စီးပါသည့် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်ကစ အရှေ့တောဒေသကို ဝင်လာခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူများနှင့် ဒေသခံအချို့က ဆိုသည်။

၎င်းတို့သည် ဇွန်လ ၁၆၊ ၁၇ ရက်ကလည်း သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာကြားတွင် နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး ဇွန်လ ၂ဝရက်နှင့် ၂၁ ရက်တို့တွင်လည်း မိုင် ၄၀ အနီးတွက် နှစ်ရက်ဆက် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကြောင်းနှင့်အတူလိုက်ပါလာသည့် ဦးပိုင်ကုမ္ပဏီက အရာရှိများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနက တာဝန်ရှိသူများသည် ဟိန္ဒားသတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းနှင့် ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်တင်‌သည့်လုပ်ငန်း လုပ်ကိုင်ရန်အတွက် လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဇွန်လ ၂၀ ရက် ညနေပိုင်းတွင် ဖောင်းတောရွာရေအားလျှပ်စစ်စက်ရုံ မီးရှို့ခံရပြီး ဘတ်ဖိုးကားသုံးစီးလည်း မီးရှို့ခံရသည်ဟု ဒေသခံအချို့က ပြောဆိုကြသည်။

ဖောင်းတောရေအားလျှပ်စစ်စက်ရုံငယ်ကို ၁၉၃၉ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက တည်ဆောက်ခဲ့ပြီး ဟိန္ဒားသတ္တုတူးဖော်ရေးလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အားထုတ်‌လုပ်ရန် အဓိက ဆောက်လုပ်ထားခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား ၇ ဒသမ ၅ မဂ္ဂါဝပ်သာ ထွက်ရှိသည့် ဖောင်းတောရေအားလျှပ်စစ်စက်ရုံကို ၂၀ မဂ္ဂါဝပ် ထွက်ရှိအောင် အဆင့်မြှင့်တင်မည့်လုပ်ငန်းကို ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီက လုပ်ကိုင်ရန် စစ်ကောင်စီနှင့် သဘောတူလက်မှတ်ရေးထိုးထားသည်။

၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ မြန်မာပွန်ပီပက်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရခဲ့သည့် ဟိန္ဒားသတ္တုမိုင်း တူးဖော်ရေးလုပ်ငန်းကို စစ်တပ်အာဏာသိမ်းကာလတွင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။