ကော့သောင်းသို့ မှောင်ခိုပို့မည် ဆိုင်ကယ်နှစ်စီးကို ထိုင်းစစ်တပ်ဖမ်း၊ ပို့ဆောင်သူ မြန်မာနှစ်ဦးမြစ်ထဲခုန်ချထွက်ပြေး

0
2227

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မှောင်ခိုပို့ဆောင်မည့် ဆိုင်ကယ်နှစ်စီးကို ထိုင်းတပ်မတော်က ဖမ်းဆီးခဲ့ပြီး ပို့ဆောင်သူ မြန်မာနိုင်ငံသားနှစ်ဦးမှာ မြစ်ထဲသို့ ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂၁ရက် နံနက် ၁ဝနာရီက ရနောင်းခရိုင် ကရဘူရီဒေသတွင် ပါချန်မြစ်ကို ဖြတ်၍ မြန်မာနိုင်ငံ ကော့သောင်းမြို့ ဘက်သို့ ဆိုင်ကယ်များ တရားမဝင်ပို့ဆောင်နေသည့်သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။

ထိုင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက သွားရောက်စစ်ဆေးချိန် ရာမဟာ ဆိုင်ကယ်နှစ်စီးကို လှေဖြင့် ကော့သောင်းဘက်သို့ သယ်ယူရန်ပြင်ဆင်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို တွေ့ရှိရကြောင်း သတင်းတွင် ရေးသားထားသည်။  

ထိုင်းစစ်တပ်ကို မြင်ချိန်တွင် မြစ်ထဲသို့ခုန်ချ၍ ကော့သောင်းခရိုင် လုံးဖောကျေးရွာဘက်သို့ ကူးခတ်သွားကြောင်း‌ ဖော်ပြသည်။

ထိုင်း အမှတ် ၂၅ ခြေမြန်တပ်ရင်းက အင်ဂျင်ပါလှေတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးကို သိမ်းဆည်းခဲ့ပြီးနောက် ပါကျန့် ရဲစခန်းသို့ ပို့ဆောင်ထားပြီး မူလပိုင်ရှင်များကို ရှာဖွေသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သယ်ဆောင်လာသော ရော်ဘာ ကီလို ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး သယ်ဆောင်လာသော မြန်မာနိုင်ငံသား ခုနစ်ဦးမှာ မြစ်ထဲ ခုန်ချ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြထားသည်။