ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1990

ယခုအပတ်ရွှေဈေးမှာ အပြောင်းအလဲနည်းနေရာမှာ ရုတ်တရက်ဈေးတက်သွားသည်။

ထိုင်းဘတ်ဈေးမှာ ဖြည်းဖြည်းချင်းတက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အမြင့်ဆုံးတက်လာသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ဆက်တိုက်ငြိမ်နေရာမှ ဇွန်လ ၁၄ ရက်နေ့တွင် ရုတ်တရက်ဈေးတက်လာသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ့်တစ်သိန်းကျော်အထိ ဈေးပေါက်နေခြင်းဖြစ်သည်။

ဇွန်လ ၁၆ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ့်တစ်သိန်းတစ်သောင်း(၃၁၁၀၀၀၀ ကျပ်) ဖြင့် ရောင်းချနေသည်။

ယခုအပတ် ထိုင်းဘတ်ဈေးမှာ ဖြည်းဖြည်းချင်းတက်လာသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်းရှိရာမှ  နောင်ရက်များတွင် တရွေ့ရွေ့ဈေးတက်သည်။

ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၅ ကျပ်စွန်းစွန်း ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၁၇၁  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အလှုပ်နည်းသည့် ဓာတ်ဆီဈေး

တနင်္သာရီတိုင်းအတွင်း ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၂၅ ကျပ် မှ ၂၁၀၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၅၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ ဈေးအမြင့်တွင်ပင် အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ကမ္ဘာ့ရွှေဈေးမှာ တက်ရိပ်အနည်းငယ်ပြလာြပီး တစ်အောင်စလျှင် ၁၉၅၈ ဒေါ်လာ ပေါက်ဈေးရှိနေသည်။

ပြည်တွင်းရွှေဈေး သုံးဆယ့်တစ်သိန်းကျပ်အပေါ်သို့ စတက်သည့် ဇွန်လ ၁၅ ရက်နေ့ကမူ တစ်အောင်စလျှင် ၁၉၃၅ ဒေါ်လာဝန်းကျင်သာ ရှိသည်။

လက်ရှိရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး အတက်အကျထက် ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ ကျပ်ငွေတန်ဖိုး အစရှိသည့်အချက်များအပေါ်တွင် အများဆုံးတည်မှီနေသည်။

ယင်းကြောင့် လာမည့်အပတ်ပြည်တွင်းရွှေဈေးမှာ ဈေးအမြင့်တွင်ပင် ဆက်ရှိနေမည်ဟု သုံးသပ်ရပေသည်။

ထိုင်းဘတ်ဈေးလည်း လက်ရှိနှုန်းထားအတိုင်းပင်် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

နယ်စပ်ကုန်သွယ်ရေးအချို့ ရပ်တန့်နေမှု အပါအဝင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးလွန်ဆွဲမှုများနှင့် မြန်မာနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဘတ်ငွေဈေးမှာ ကြီးမားသည့် အပြောင်းအလဲမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ဈေးအမြင့်တွင် ငြိမ်နေသည်။

ဇွန်လ ၁၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၂၉၇၆ ကျပ် ပေါက်ဈေးရှိနေသည်။

ကမ္ဘာ့နိုင်ငံကြီးများအကြား အင်အားချိန်ခွင်လျှာ ပြောင်းနိုင်ရေး အားပြိုင်မှုများနှင့် ယူကရိန်း-ရုရှားစစ်ပွဲကြောင့် စက်သုံးဆီဈေးမှာ မတည်မငြိမ်ဆက်ဖြစ်နေမည်ဖြစ်သည်။

ထိုကြောင့် လာမည့်အပတ် စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်အထက်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း သုံးသပ်ရသည်။