တနင်္သာရီတွင် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

0
2291

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံများ ထံမှသိရသည်။

ဇွန်လ ၁၇ ရက် (မနေ့)နေ့က ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၉ နာရီဝန်းကျင်တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။

ညောင်ပင်ကွင်းရွာအခြေစိုက် အင်အားရှစ်ဆယ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်း ၅၆၁ က ဇွန်လ ၁၇ ရက်နေ့တွင် ဘန်လောရွာနှင့် သမီးလှရွာဘက်သို့ စစ်ကြောင်းထိုး ဝင်လာပြီးနောက် သမီးလှရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မနေ့ကတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကပြောသည်။

“ရဲဘော်တစ်ယောက်က ပါးစပ်မှာထိတယ်။ အရပ်သားက ဗိုက်မှာရှပ်ထိတယ်။ တအားကြီး စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ကာကွယ်ရေးတပ်နှင့် နီးစပ်သူကပြောသည်။

သမီးလှအရှေ့ရွာ တိုက်ပွဲမှာ ၆ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း TNLA(TCJF) ကော်သူးလေတပ်ဖွဲ့ ကယနေ့နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးမှုအပေါ် Dawei Watch မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါတိုက်ပွဲကို ကော်သူးလေတပ်ဖွဲ့၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအဖွဲ့၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ မြိတ်ပကဖ၊ တောပုန်းကြီးပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့မှ တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယနေ့တိုက်ပွဲမှာ မနေ့ကထက်ပိုပြင်းထန်နေပြီး ထိခိုက်မှုများ မသိရသေးကြောင်းနှင့် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က သမီးလှရွာရှိ နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး အရေအတွက် အတိအကျမသိရသေးဟု ဒေသခံများ ကဆိုသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ဘန်လော၊ဘန်လင်၊ ခြောက်မိုင်၊ဆင်ခေါင်း၊ ဘန်ကြုတ်၊သကျက်၊ ကျွဲထိန်းကုန်း၊ရေပေါ်၊ ကော်တောနှင့် သမီးလှ စသည့်ကျေးရွာနေ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံများ ထံမှသိရသည်။