ပထမဆုံး နိုင်ငံတော်ခရီးစဉ် အဖြစ် ဂျပန်ဧကရာဇ် နာရူဟီတို အင်ဒိုနီးရှားနိုင်ငံ သို့လည်ပတ်

0
2133

ဂျပန်ဧကရာဇ် နာရူဟီတို နှင့် ဧကရီ မာဆာကို တို့သည် ၎င်းတို့၏ ပထမဆုံး နိုင်ငံတော် ခရီးစဉ် အဖြစ် အင်ဒိုနီးရှားနိုင်ငံ သို့ ဇွန်လ ၁၇ ရက်နေ့တွင် သွား‌ရောက်လည်ပတ်ခဲ့သည်။

 ဇွန်လ ၂၃ ရက်နေ့အထိ ကြာမြင့်မည့် အဆိုပါ ခရီးစဉ် သည် ဧကရာဇ် နာရူဟီတို ထီးနန်းဆက်ခံခဲ့သည့် ၂၀၁၉ခုနှစ် အပြီး ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် အလည်အပတ် ခရီးစဉ် ဖြစ်သည်။

ယင်းခရီးစဉ်တွင်း ဧကရာဇ် နှင့် ဧကရီ တို့သည် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နှင့် ဂျကာတာမြို့အနီး နန်းတော်တစ်ခု တွင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်မည့်အပြင် အင်ဒိုနီးရှား နှင့် ဂျပန် စစ်သားများကို အထိမ်းအမှတ်ပြု တည်ဆောက်ထားသည့် စစ်သင်္ချိုင်း ကိုလည်း သွားရောက်မည် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်အပြီးတွင် အင်ဒိုနီးရှားကို ဂျပန်၏ ၃နှစ်တာ သိမ်းပိုက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းတွင် ဒတ်ခ်ျလက်အောက်မှ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

“စစ်ပွဲကာလပြီးကတည်းက ဂျပန်ဟာ အင်ဒိုနီးရှား အပါအဝင် အာရှနိုင်ငံတွေနဲ့  အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းခဲ့ပါတယ်” ဟု ဧကရာဇ် နာရူဟီတိုက ခရီးစဉ်မတိုင်မီ ဇွန်လ ၁၆ရက်နေ့မှာ သတင်းထောက်များအား ပြောကြားခဲ့သည်။

“နိုင်ငံတွေအကြား သံတမန်ရေးရာ သမိုင်းကြောင်းကို အခြေခံပြီး ယခုခရီးစဉ်ဟာ (ဂျပန်နဲ့ အင်ဒိုနီးရှား) နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို နက်ရှိုင်းစေမယ်လို့ မျှော်လင့်ပါတယ်။”

ဂျပန် တော်ဝင်ဇနီးမောင်နှံ၏ ယခု ခရီးစဉ်တွင် အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲကာလ ၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း အင်ဒိုနီးရှား အတွက် တိုက်ပွဲဝင်ပေးခဲ့သော ဂျပန်စစ်သားများ၏ ဝိညာဉ်များ လဲလျောင်းကြရာ ဂျကာတာတောင်ပိုင်းရှိ စစ်သင်္ချိုင်းသို့ သွားရောက်လည်ပတ်ခြင်း အပါအဝင် ၎င်းတို့သည် ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီပေးထားသည့် အမြန်ရထား အလုပ်ရုံ အပြင် ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ရေစုပ်ထုတ်ဌာန တို့ကိုပါ သွားရောက်လည်ပတ်မည် ဖြစ်သည်။

ထို့အပြင် ရော်ဂျာကာတာ ပြည်နယ်၏ နယ်ပိုင် စော်ဘွား နှင့် တွေ့ဆုံမှု အပြင် ဂျပန် ဧကရာဇ် သည် ယင်းပြည်နယ် အတွင်း တည်ရှိသည့် နာမည်ကျော် ၊ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်း ဘိုရိုဘူဒါ သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျော့လာပြီးနောက် ဂျပန် ဧကရာဇ် နာရူဟီတို နှင့် ဧကရီ မာဆာကို တို့သည် ၎င်းတို့၏ လူသိရှင်ကြား တွေ့ဆုံမှုများနှင့် ခရီးစဉ်များကို တဖြည်းဖြည်း ပြန်လည်စတင်လာခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းတော်ဝင်စုံတွဲသည် အင်္ဂလန်နိုင်ငံ တွင် ဘုရင်မကြီး အဲလိဇဘက် (၂) ၏ ဈာပနကို တက်ရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ် သည် ၎င်းတို့၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဧကရာဇ် နာရူဟီတို၏ ယခုလို လာရောက်လည်ပတ်မှုအပြင် ယခင် ဂျပန်ဧကရာဇ်များ အနေနှင့်လည်း ၁၉၆၂ နှင့် ၁၉၉၁ ခုနှစ်များတွင် တစ်ကြိမ်စီ အင်ဒိုနီးရှားသို့ လာရောက်မှုများ ရှိခဲ့သည်။

Reference

●       AFP

●       The Straits Times