ရေးမြို့အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရ

0
1979

မွန်ပြည်နယ်၊ ရေးမြို့အဝင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့အဝင် ခမရ ၅၈၆ တပ်ရင်းအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က ၎င်းတို့အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဂိတ်ရှိ နယ်ခြားစောင့်တပ် BGF အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“သိရသလောက်ကတော့ BGF က ၁ ဦး သေသွားတယ်။ ဒဏ်ရာရတာလဲ ၂ ဦးရှိတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်အရမူ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ၄ ဦးထက်မနည်းသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းဆိုသည်။

စစ်ကောင်စီတယ်လီဂရမ်တွင်မူ ရေးမြို့အဝင်ကဂိတ်ကို သင်္ကန်းဝတ် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုထားသည်။

ယင်းအပြင် အဆိုပါသင်္ကန်းဝတ်သူတို့ထံမှ သင်္ကန်းနှစ်ထည်၊ m 16 ကျည်ဘောက်အရှည် ၁ ခု၊ ကျည် ၃ တောင့် သိမ်းဆည်းမိရခဲ့သည်ဟုလည်း ရေးသားထားသည်။

ရေးဘီးလူးအဖွဲ့သည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရေးမြစ်ကူးတံတားကြီးစစ်ဆေးရေးဂိတ်၊ စစ်ကောင်စီတပ်စခန်းတို့ကို ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဒလန်ဆိုသူများကိုလည်း ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။