တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2014

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၂၃ ရက်နေ့ မှ ၂၉ ရက်နေ့အထိ

လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ခုနစ်သိန်းနီးပါးတိုးလာ

ပုံစာ – မကွေးတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ဧပြီလ ၂၇ရက်က တိမ်းရှောင်ကြတဲ့ ဒေသခံတွေ။

စစ်ရေးပဋိပက္ခပိုမိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ယခုနှစ်တွင် ဧပြီလ ၂ဝရက်အထိ လေးလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ခုနစ်သိန်းနီးပါးတိုးလာပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်တာပါ။

လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ခြောက်သိန်းရှစ်သောင်းကျော် တိုးလာတာဖြစ်ပြီး စစ်အာဏာသိမ်းကာလရဲ့ ကာလတိုတစ်ခုအတွင်းမှာ စံချိန်တင်တိုးလာတာလို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းကာလ ၂နှစ်ကျော်အတွင်း စစ်ဘေးရှောင်ဒုက္ခ ၂ဒသမ ၆သန်းကျော်ရှိတဲ့အတွက် ယခုနှစ် လေးလကျော်အတွင်း တိုးလာတဲ့ ပမာဏဟာ စစ်ဘေးရှောင်အရေအတွက်၏ လေးပုံတစ်ပုံ ရာခိုင်နှုန်းအနေနဲ့ ၂၅ ရာခိုင်နှုန်းရှိနေတာပါ။ 

ပြည်တွင်း စစ်ဘေးရှောင်အားလုံးရဲ့ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းကဖြစ်ပြီး စစ်ဘေးရှောင် ၁ဒသမ သုံးသန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်များတွေထဲက ၁၆ ခုမှာ လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်

သုံးသိန်းခွဲကျော်တိုးလာပြီး အဲဒီထဲက တစ်သိန်းနှစ်သောင်းကျော်ဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တစ်ခုတည်းက ဖြစ်ပါတယ်။

……………………………………

အကြမ်းဖက်မှုချက်ချင်းရပ်ဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းတဲ့ ဘန်ကီမွန်း

ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ဖွဲ့ထားပြီး ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့လို့ တင်စားခေါ်ဝေါ်ကြတဲ့ The Elders ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ကြိုတင်မကြေညာဘဲ ရုတ်တရက် ရောက်ချလာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာတာလို့ ဆိုပါတယ်။

လေကြောင်းကနေတိုက်ခိုက်တာကြောင့် လူ ၁၈၀ ကျော်သေဆုံးခဲ့တဲ့ ပဇီကြီးဖြစ်ရပ်ကြောင့် စစ်ကောင်စီအပေါ် ပြစ်တင်ဝေဖန်မှုမြင့်တက်နေချိန် အဲဒီဖြစ်ရပ်အပြီး ၁၀ ရက်ကျော်အကြာမှာ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့တဲ့ မစ္စတာဘန်ကီမွန်းရဲ့ လုပ်ရပ်ဟာ ကျင့်ဝတ်အရ မလျော်ကန်တဲ့ကိစ္စဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတက ပြောပါတယ်။

အရင်စစ်အစိုးရအဆက်ဆက်မှာလည်း ဒီလိုပုံသေနည်းနဲ့ ချည်းကပ်ခဲ့လို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတာဖြစ်သလို အခုလည်း သက်ဆိုးရှည်အောင်၊ အသက်ရှူချောင်အောင်လုပ်နေတာလို့လည်း ဝေဖန် ထားပါတယ်။

ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ The Elders အဖွဲ့က ဧပြီလ ၂၅ရက်မှာ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန်ချက် ထွက်လာပါတယ်။

အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့ စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးအကြား အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေစတင်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာလို့ ဘန်ကီမွန်းက ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့ မြန်မာစစ်တပ်ဘက်က စတင်သင့်တယ်လို့ တိုက်တွန်းခဲ့သလို အာဆီယံဘုံ သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေကို မငဲ့ကွက်ဘဲ ရွေးကောက်ပွဲကျင်းပရင် အကြမ်းဖက်နဲ့ သဘောထားကွဲလွဲမှု ပိုဖြစ်မယ့်အကြောင်း ထောက်ပြပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ 

နှစ်ရက်တာခရီးစဉ်အတွင်း သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်မှာ သက်ဆိုင်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် မစ္စတာဘန်ကီမွန်းကတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

……………………………………

ဘီလီယံနှစ်ထောင်ကျော် တိုးမြှင့်သုံးစွဲမယ့် စစ်အသုံးစရိတ်

ဘတ်ဂျက်လိုငွေပြနေပေမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စစ်အသုံးစရိတ်ကို ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကထက် ကျပ်ဘီလီယံ နှစ်ထောင်နီးပါး တိုးမြှင့်လိုက်ပါတယ်။

စစ်အာဏာသိမ်းကာလမှာ စစ်အသုံးစရိတ်သုံးစွဲမှု အမြင့်ဆုံးရောက်ရှိလာတာပါ။

NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ ဘဏ္ဍာနှစ်ကို အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက ပြန်လည် သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၂၁ ခုနှစ် ခြောက်လစာ မီနီဘတ်ဂျက်ရေးဆွဲခဲ့ပါတယ်။

မီနီဘတ်ဂျက်မှာ စစ်အသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၇၀၀ ကျော်၊ ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သုံးစွဲခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်မှာတော့ စစ်အသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၇၀၀ ကျော် သုံးစွဲလာပါတယ်။ ဒါဟာ ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းဝန်းကျင် ရှိလာတာပါ။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ကျပ်ဘီလီယံ နှစ်ထောင်နီးပါးတိုးမြှင့်ပြီး ၅၆၃၅ ဘီလီယံအထိ သုံးစွဲဖို့ စစ်ကောင်စီက ခွင့်ပြုပေးထားပါတယ်။ ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၂၈ ရာခိုင်နှုန်းကျော်အထိ ရှိလာတာပါ။

နိုင်ငံအတွက် အရေးတကြီးလိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်တွေကတော့ စစ်အာဏာသိမ်းကာလမှာ အနည်းငယ်ပဲ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ကျန်းမာရေးအသုံးစရိတ်ဆိုရင် ပြီးခဲ့တဲ့နှစ် ဘတ်ဂျက်မှာ ကျပ်ဘီလီယံ တစ်ထောင်ကျော် သုံးခဲ့ပေမယ့် ဒီနှစ်မှာ ၈၆၁ ဘီလီယံပဲ သုံးစွဲတော့မှာပါ။

အာဏာမသိမ်းခင် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်မှာတော့ စစ်အသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၄၀၀ ကျော် သုံးခဲ့ပြီး ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းကာလမှာ နိုင်ငံတဝန်းစစ်နယ်ကျယ်ပြန့်လာပြီး စစ်ရေးပဋိပက္ခပြင်းထန်လာတာပါတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။

အဲဒါကြောင့် စစ်လက်နက်သုံးစွဲမှုများလာတဲ့အတွက် ပြည်ပကနေ စစ်လက်နက်တွေ ဝယ်ယူဖြည့်တင်းရတာတွေကြောင့် အခုလို စစ်အသုံးစရိတ် တိုးမြှင့်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………

နေအိမ်ပိုင်ဆိုင်မှု ၇၅၀ကျော် ချိပ်ပိတ်ခံရ

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေအပါအဝင် မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုပေါင်း ၇၅၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီလ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းချိန်ကနေ ဒီနှစ် မတ်လ ၃၁ ရက်အထိ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တာပါ။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သား ၆၃၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပြီး အဲဒီထဲက အနည်းဆုံး လူသုံးရာဟာ လွှတ်တော်အမတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဒါမှမဟုတ် NLD ထောက်ခံသူတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သိမ်းဆည်းခံရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ နေအိမ်နဲ့ တိုက်ခန်းက ၆၄၁ လုံးပါဝင်ပြီး ကျန်တာတွေကတော့ ဈေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဆေးရုံးဆေးခန်းတွေ၊ စားသောက်ဆိုင်တွေ၊ စာသင်ကျောင်းတွေ၊ တည်းခိုခန်း၊ ဟိုတယ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတစ်ကျောင်းလည်း ချိပ်ပိတ်ခံရထားရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ပိုင်ဆိုင်မှု ၁၅၉ ခု ချိပ်ပိတ်ခံရတဲ့အတွက် တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ပြီး ရန်ကုန်ကတော့ ၁၂၄ ခုနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

PDF တွေကို ထောက်ပံ့လို့၊ PDF တွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး ချိပ်ပိတ်ခံရတာရှိသလို ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးမှုကြောင့် လူကိုဖမ်းဆီးတဲ့အပြင် ပိုင်ဆိုင်မှုတွေကိုပါ ချိပ်ပိတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

……………………………………

စစ်ကောင်စီကိုပိတ်ဆို့အရေးယူဖို့ ကုလအထူးကိုယ်စားလှယ် ဂျပန်အစိုးရကိုတိုက်တွန်း

မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အစိုးရကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ တွမ်အင်ဒရူးဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ဂျပန်နိုင်ငံသို့ ဧပြီလ ၁၉ ရက်ကနေ ၂၈ ရက်အထိ ၁၀ ရက်ကြာသွားရောက်ခဲ့တာပါ။

မြန်မာစစ်တပ်အတွက် လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ချက်ချင်းရပ်ဆိုင်းလို့ဖို့လည်း ဒီခရီးစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ကြောက်စရာကောင်းပြီး ပိုဆိုးလာတယ်လို့ သူက ဂျပန်ခရီးစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ပိတ်ဆို့အရေးယူတာဟာ ပြည်သူတွေကို တိုက်ခိုက်ရာမှာ စွမ်းဆောင်ရည်ကို အားနည်းသွားစေလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံက အကူအညီအစီအစဉ်အသစ်တွေ မပေးတော့ပေမယ့် လုပ်ဆောင်နေဆဲဖြစ်တဲ့ စီမံကိန်းတွေကိုတော့ ရပ်ဆိုင်းထားတာ မရှိသေးပါဘူး။

……………………………………

ပြည်တွင်းရေအားလျှပ်စစ်စီမံကိန်းကနေ ဆွီဒင်ကုမ္ပဏီ AFRY ထွက်ခွာမယ်

မြန်မာနိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အတိုင်ပင်ခံအဖြစ် ပါဝင်လုပ်ဆောင်နေတာကို ဒီနှစ်ကုန်မှာ ရပ်ဆိုင်းတော့မယ်လို့ ဆွီဒင် အင်ဂျင်နီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ AFRY က ကြေညာပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးဝါးလာပြီး အပျက်သဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကြောင့် လုပ်ငန်းရပ်ဆိုင်းဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။

AFRY ကုမ္ပဏီဟာ မြန်မာနိုင်ငံက လျှပ်စစ်စီမံကိန်းတွေမှာ လုပ်ကိုင်နေတာ နှစ် ၂ဝ ကျော်နေပြီဖြစ်ပါတယ်။ ရေအားလျှပ်စစ်စွမ်းအင်စီမံကိန်း သုံးခုမှာပါဝင်နေပြီး လက်ရှိမှာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းတွေဟာ အာဏာမသိမ်းခင်ကနေ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် လက်မှတ်ထိုးတာ မရှိဘူးလို့လည်းဆိုပါတယ်။

AFRY ကုမ္ပဏီဟာ ပြည်တွင်းရေအားလျှပ်စစ်စီမံကိန်း တစ်ဆယ်ကျော်မှာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

AFRY AB ရဲ့ ဆွစ်ဘဏ်ခွဲဟာ မြန်မာနိုင်ငံ အထက်ရဲရွာနဲ့ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်မံကိန်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၈ သန်းရရှိခဲ့တယ်လို့ Justice for Myanmar က ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဖော်ထုတ်ထားပါတယ်။

……………………………………

အပူဒဏ်ကြောင့် သေဆုံး၊ သတိလစ်တာတွေဖြစ်လာ

အပူချိန်တွေမြင့်တက်ပြီး ရန်ကုန်မှာ သေဆုံးတာ၊ သတိလစ်တာတွေ ဖြစ်ပွားလာပါတယ်။

ဧပြီလ ၂၆ရက်က သာကေတမြို့နယ် ရုပ်ရှင်ရုံမှတ်တိုင်အနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ခန္ဓာကိုယ် အပူချိန်မြင့်တက်ပြီး လဲကျပြီး သေဆုံးခဲ့ပါတယ်။

ဧပြီလ ၁၉ ရက်ကလည်း မရမ်းကုန်းမြို့နယ်မှာ အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦး မွန်းတည့်ချိန်တွင် လမ်းလျှောက်လာချိန် လဲကျသေဆုံးခဲ့သလို ဧပြီလ ၁၀ ရက်ကလည်း မှော်ဘီမြို့နယ်ကနေ စက်ဘီးစီးပြီးလာသူ အမျိုးသားတစ်ဦး ဗဟန်းမြို့နယ်မှာ သေဆုံးခဲ့ပါသေးတယ်။

ဧပြီလ ၂၇ရက် ညသန်းခေါင်အချိန်မှာလည်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုက်ခန်းတစ်ခုမှာ လျှပ်စစ်မီးပြတ်တောက် နေချိန် အခန်းအပူချိန်မြင့်တက်တာကြောင့် မိသားစုဝင်လေးဦး အသက်ရှူကျပ်ပြီး သတိလစ်သွားလို့ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

အခြားတိုင်းနဲ့ ပြည်နယ်တချို့မှာလည်း အပူဒဏ်ကြောင့် သတိလစ်တာ၊ သေဆုံးတာတွေ ရှိနေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ အပူချိန်တွေမြင့်တက်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာဆိုင်ရင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပါတယ်။ ရန်ကုန်မှာဆိုရင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ကနေ ၄၂ အထိ ရှိနေပါတယ်။

……………………………………

ဆောင်းဖွေးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်တွေရှိနေတဲ့ ဆောင်းဖွေးကျေးရွာဆေးရုံ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ သားဖွားပြီးစ အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရပါတယ်။

ဒီဆေးပေးခန်းဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ အရပ်သားပြည်သူတွေကို ဆေးကုသပေးနေတာဖြစ်ပြီး ဧပြီလ ၂၅ ရက် မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ ဒီဆေးရုံအနီးဝန်းကျင်မှာလည်း စစ်ဘေးရှောင်တွေ ခိုလုံနေကြတာပါ။

တိုက်လေယာဉ်နဲ့ ငါးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ပြီး ဗုံး ၁ဝလုံး ကျော် ကြဲချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရသူ ငါးဦးထဲက မီးဖွားပြီးတာ နှစ်ရက်ပဲရှိသေးတဲ့ အသက် ၁၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်း ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဖော်ပြပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တာခံရတာကြောင့် ဆေးရုံနဲ့ ဆေးပေးခန်း အဆောက်အအုံနဲ့ ကား၊ ဆိုင်ကယ် တချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်းကနေ တိုက်ခိုက်နေတာတွေ ရှိနေပေမယ့် နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်တာ နှေးကွေးပြီး မသိကျိုးကျွံပြုနေဆဲဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ထောက်ခံရေးသားလေ့ရှိတဲ့ မီဒီယာတချို့မှာတော့ ဆောင်းဖွေးကျေးရွာမှာ တပ်စွဲထားတဲ့ KNPP/PDF စခန်းကို တိုက်ခိုက်ခဲ့တာလို့ ရေးသားကြပါတယ်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တွေမှာလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေဆဲဖြစ်ပါတယ်။

……………………………………

သင်္ကြန်ကာလအလွန် ကိုဗစ်ကူးစက်မှုမြင့်တက်လာ

သင်္ကြန်ကာလအလွန်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့လတွေမှာ ကိုဗစ်ကူးစက်မှု လျော့နည်းသွားပေမယ့် ဧပြီလဆန်းပိုင်းမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ သင်္ကြန်ပြီးနောက်ပိုင်းကာလမှာတော့ ကိုဗစ်ကူးစက်မှု ပိုများလာတာပါ။

ဧပြီလ ၁၈ ရက်ကနေ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပြီး တစ်ရက်ကို ကိုဗစ်ပိုးတွေ့လူနာ ဆယ်နဲ့ချီပြီး ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဧပြီလ ၂၂ ရက်မှာ ပိုးတွေ့လူနာ ၄၀ ကျော်အထိရှိလာပါတယ်။ နောက်ပိုင်းရက်တွေမှာ ပိုတိုးလာပြီး တစ်ရက်ကို ၆၀၊ ၇၀ အထိတွေ့ရှိလာတာဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကူးစက်မြန်တဲ့ ကိုဗစ်မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 တွေ့ရှိနေပြီး မြန်မာနိုင်ငံမှာတော့ မတွေ့သေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

……………………………………