ထားဝယ်တွင် နာရေးကူညီမှုကားတစ်စီး တိမ်းမှောက်၊ နှစ်ဦးဒဏ်ရာရ

0
2066
ဓာတ်ပုံ ဦးနိုင်မျိုးသွင်(ဇမ္ဗူသီရိအဖွဲ့)

ထားဝယ်မြို့အထွက် ပုလုကုန်းရွာတံတားအနီး၌ ယနေ့မွန်းလွဲပိုင်းက နာရေးကူညီမှုကားတစ်စီး ‌တိမ်းမှောက်ပြီး ယာဉ်မောင်းနှင့် ယာဉ်အကူ အမျိုးသားနှစ်ဦးဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

တိမ်းမှောက်ခဲ့သည့် ကားမှာ ကလိန်အောင်မြို့ စေတနာမွန်ပရဟိတအသင်း၏ အလောင်းတင်ဆောင်ကားဖြစ်ကြောင်း ဆိုသည်။

အဆိုပါကားသည် တံတားလက်ရန်းဘောင်အား ဝင်ရောက်တိုက်မိပြီးနောက် မျက်နှာချင်းဆိုင်မှလာသည့် ၁၂ ဘီးကုန်တင်ယာဉ်အား ထပ်မံတိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဇမ္ဗူသိရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

“ကားနောက်ဖုံးနဲ့ အလောင်းတင်စင်ကတော့ လမ်းဘေးမှာ လိုက်ကောက်ယူလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ကားတစ်စီးလုံးနီးပါးပျက်စီးသွားပြီး ယာဉ်မောင်းဖြစ်သူ ဦးကျော်စွာထွန်းတွင် ဦးခေါင်းဒဏ်ရာရရှိကာ ယာဉ်အကူ ကိုကျော်ဌေးမှာ လက်တွင် ဒဏ်ရာရရှိသွားကြောင်း ဦးနိုင်မျိုးသွင်က ပြောဆိုသည်။

နှစ်ဦးစလုံးမှာ အသက်အန္တရာယ်မစိုးရကြောင်းလည်း ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသူများကို ဇဟာအားမာန် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ် ဆေးရုံသို့ပို့ဆောင်ထားကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

စေတနာမွန်ပရဟိတအသင်း၏ ကားသည် ထားဝယ်မြို့တွင် လာရောက်ပြင်ဆင်ပြီးနောက် ကလိန်အောင်သို့ ပြန်သွားစဉ် လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါကား တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဇဟာအားမာန်အဖွဲ့နှင့် ရင်ခုန်သံသွေးလှူရှင်အဖွဲ့တို့ ရောက်ရှိလာပြီး ဒေသခံများနှင့်ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်ပေးခဲ့ခြင်းကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှသိရသည်။