ပုလောစစ်ကောင်စီတပ်က ကျေးရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

0
2004

မြိတ်ခရိုင်၊ ပုလောမြို့ စစ်ကောင်စီတပ်က ကျေးရွာများဖက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၂ ရက်ညက ပျုစောထီးအားကောင်းသည့် ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရသည်။

တိုက်ခိုက်ခံရချိန်မှစတင်ကာ ယနေ့ ဧပြီလ ၂၄ ရက်အထိ ပုလောစစ်ကောင်စီတပ်က နန်းတောင်ကျေးရွာအုပ်စုနှင့် တို၊ မြဒေါင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“ညကလည်း မိုးလင်းပေါက်တဲ့အထိ တစ်ညလုံးပစ်တယ်။ ဘာကိုပစ်နေမှန်းလည်း မသိဘူး။ အခုလည်း နန်းတောင်ဖက် ပြန်ပစ်နေပြန်ပြီ” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်ညက စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ဝက်တိုးရွာရှိ ဘုန်းတော်ကြီးကျောင်း တခြမ်းထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှု မကြားရသေးကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ရွာသားများမှာ အလုပ်လုပ်ကိုင်ရခြင်းမရှိဘဲ ပြေးလွှားပုန်းအောင်းနေရကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်ရင်တော့ မပြောလိုဘူး။ အခုဟာက မဖြစ်တဲ့ရွာတွေကိုပါ ပစ်နေတော့ ပြေးရပုန်းရနဲ့ ဘာအလုပ်မှ ဖြောင့်ဖြောင့်မလုပ်နိုင်ဘူး” ဟု ဝက်တိုးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးတိုင်း ကျေးရွာများသို့ ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ပုလောနြှင့် တနင်္သာရီမြို့နယ်တို့အတွင်း မကြာခဏ ရှိနေသည်။