ဒေသခံတစ်ရာကျော်ဖမ်းဆီးခံရတဲ့ ရငဲရွာနှင့် ဝဲရစ်ရွာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ

0
4984

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် သက်ကြီးရွယ်အို၊ ကလေးငယ်များအပါအဝင် ဒေသခံတစ်ရာကျော် ဧပြီလ ၂၃ ရက်က ဖမ်းဆီးစစ်ဆေးခံရကြောင်း ဒေသခံရွာသားများက ပြောသည်။

စစ်ကောင်စီတပ်သည် ရငဲရွာသို့ ဧပြီလ ၂၂ ရက်ကတည်းက ဝင်ရောက်ပြီး ရွာထိပ်တွင် တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်ရက် ဧပြီလ ၂၃ ရက် နံနက် ၇နာရီခန့်တွင် ရွာထဲသို့ စတင်ဝင်ရောက်လာပြီး ရွာခံများကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“သူတို့စဝင်လာချင်းမှာ အရပ်ဝတ်တွေလည်းပါတာဆိုတော့ စစ်ကြောင်းထိုးလာတယ်လို့ မထင်ဘူးပေါ့။ ပုံမှန်အတိုင်းပဲ သွားသွားလာလာ လုပ်နေကြသေးတယ်။ နောက်နေ့ မနက်ကျမှ ဖမ်းတာဆီးတာတွေဖြစ်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံ ၁၃၀ ဝန်းကျင် ဖမ်းဆီးခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြောင်း စစ်ဆေးမေးမြန်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဖမ်းခံရသူများတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများလည်းပါဝင်သည်ကို ဒေသခံတစ်ဦးက မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တစ်ခုတွင် တွေ့ရသည်။

“တကယ်က အဲဒီ (အွန်လိုင်းမှာပျံ့နေတဲ့) ရုပ်သံဖိုင်က ပြန်လွှတ်ခါနီးမှာ ရိုက်ထားတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အကြောင်း မေးမြန်းသည့်အခါ မည်သူမျှပြန်မဖြေသဖြင့် အပြစ်ပေးသည့်အနေဖြင့် ဒေသခံအချို့ကို ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့၏ မိသာစုဝင်တို့က ပြန်ပြောင်းပြောဆိုသည်။

“သူတို့မေးတာ အားလုံးက‌ မဖြေကြတော့ တစ်ရွာလုံးက PDF အားပေးတဲ့သူတွေဆိုပြီးပြောတယ်။ ပြီးမှ လူတွေကို ခွဲထုတ်ပစ်လိုက်တာ။ အသက်ကြီးပိုင်းတွေက တစ်အုပ်စု၊ အသက် ၃၀၊ ၄၀ အရွယ်တွေက တစ်အုပ်စု၊ ကလေးတွေက တစ်အုပ်စု၊ အဲဒီလိုအုပ်စုလေးတွေ ခွဲလိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လူလတ်ပိုင်းအုပ်စုကိုမူ အပြစ်ပေးသည့်အနေဖြင့် နေပူလှန်းခြင်း၊ ရိုက်နှက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဒေသခံများ ဖမ်းဆီးခံရသည့် ရုပ်သံမှတ်တမ်းရိုက်ကူးသူကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေခဲ့သေးကြောင်း ဒေသခံတို့က ဆိုသည်။

“သူတို့လိုက်ရှာသေးတယ်။ ဒါပေမဲ့ သူတို့ဖမ်းလာတဲ့သူက ဗီဒီယိုရိုက်တဲ့သူမဟုတ်ဘူး။ ဘာလို့မဟုတ်ဘူးလို့ ပြောနိုင်လဲဆိုတော့ ဒေသခံတွေက ရုပ်သံကိုကြည့်တာနဲ့ ဘယ်အိမ်ဆိုတာသိ‌တယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ ရငဲရွာထဲသို့ ဆိုင်းမဆင့်ဗုံမဆင့် မည်သည့်အတွက်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးစစ်ဆေးခဲ့သနည်းဆိုသည့်အချက်တစ်ခု ရှိနေသည်။

ရငဲရွာသားများ အဖမ်းခံသည့်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ကနက်သီရိရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကျောင်းလွှတ်ပွဲ (ကျောင်းဆောင်သစ် ရေစက်လှူမင်္ဂလာပွဲ) ကျင်းပနေချိန်ဖြစ်သည်။

ကနက်သီရိရွာမှာ ရငဲရွာကိုဖြတ်ပြီးသွားရသည့် ပင်လယ်ရွာတစ်ရွာတစ်ရွာဖြစ်ပြီး ရွာချင်းကပ်လျက်တည်ရှိသည်။

“ရွာမှာပြောနေကြတာကတော့ အဲဒီဘုန်းကြီးကျောင်းလွှတ်ပွဲမှာ လုံခြုံရေးယူပေးဖို့ စစ်ကောင်စီတပ်ကို ကူညီတောင်းထားလို့ လုံခြုံရေးလာယူပေးတာလို့ ပြောနေကြတာရှိတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဘုန်းကြီးကျောင်းလွှတ်ပွဲကျင်းပမည့်နေ့မတိုင်မီ တစ်ရက်ကြိုပြီး စစ်ကောင်စီတပ်က ရငဲရွာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါဘုန်းကြီးကျောင်းတွင် သင်္ကြန်ကာလက မဏ္ဍပ်ဆောက်လုပ်ရန်စီစဉ်ခဲ့ဖူးပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုက လာရောက်ဟန့်တားသဖြင့် အစီအစဉ်ပျက်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“သင်္ကြန်မှာ စီစဉ်ထားတာတွေပျက်သွားတော့ ကျောင်းလွှတ်ပွဲကျရင်တော့ ငါ့ကိုမနှောက်ယှက်နဲ့ဆိုပြီး PDF တွေကို ပြောလိုက်တယ်တဲ့ ကျောင်းထိုင်ဘုန်းကြီးက” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရငဲရွာတွင် ဒေသခံများ အဖမ်းခံထားရချိန်၊ အချို့ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည့်အချိန်တွင် ကနက်သီရိရွာရှိ အဆိုပါဘုန်းကြီးကျောင်းတွင်မူ ကျောင်းလွှတ်ပွဲ ကျင်းပနေခဲ့သည်ဟုဆိုကြသည်။

“ကျောင်းလွှတ်ပွဲလည်းပြီး သူတို့ (စစ်ကောင်စီတပ်) လည်း ရွာကထွက်သွားတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရငဲရွာသို့ စစ်ကောင်စီတပ်ဝင်ရောက်လာခြင်းမှာ ကျောင်းလွှတ်ပွဲနှင့် သက်ဆိုင်မှုရှိမရှိကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ရငဲရွာထဲရှိ ဖုန်းဆိုင်တစ်ဆိုင်မှ ဖုန်းဆယ်လုံးခန့်နှင့် ကုန်စုံဆိုင်တစ်ဆိုင်မှာ ဘီယာဗူးများကို ယူဆောင်သွားကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဧပြီလ ၂၄ရက် နံနက် ၇နာရီဝန်းကျင်တွင် ရငဲရွာမှ အနီးအနားရှိ ဝဲရစ်ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝဲရစ်ရွာတွင်လည်း ဒေသခံများကို ဖမ်းဆီးကာ စစ်ဆေးခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။

“ဖမ်းခံရတာကတော့ အယောက် ၃၀ လောက်ရှိမယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းဖမ်းဆီးထားသူများကိုလည်း စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

ဝဲရစ်ရွာမှ ထွက်သွားပြီး မကြာမီ ရွာအနီးတွင် ပေါက်ကွဲမှုများကြားရကြောင်း ‌ဒေသခံတစ်ဦးက ပြောဆိုသည်။

“စစ်ကြောင်းမိုင်းဆွဲခံရတယ်လို့ ပြောသံကြားတယ်။ (လမ်းမှာတွေ့တဲ့) နောက်ထပ်ရွာသားနှစ်ယောက်ကိုလည်း ဖမ်းသွားတယ် ပြောသံကြားရတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ် မိုင်းဆွဲခံရသည်နှင့် အခြားဒေသခံနှစ်ဦး ထပ်မံအဖမ်းခံရသည့် ဖြစ်စဉ် အသေးစိတ်အခြေအနေတို့ကိုမူ မသိရသေးပေ။