ထိုင်းမှ ကော့သောင်းသို့ မြန်မာလုပ်သား ၁၇၀ ကျော် ပြန်လွှဲပေး၊ ကိုးဦးတွင် ကိုဗစ်တွေ့

0
2030
ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့။

ထိုင်းနိုင်ငံ ရနောင်းမြို့မှ တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ယနေ့ ဧပြီလ ၂၄ ရက်တွင် မြန်မာအလုပ်သမား ၁၇၀ ကျော်ကို လွှဲပေးလိုက်ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ယင်းအနက် အမျိုးသားကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း အဆိုပါအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမား အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် အသက် ၁၅ နှစ်မှ ၄၃ နှစ်အတွင်းရှိ အမျိုးသားကိုးဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ဝင်က ဆိုသည်။

“ကိုဗစ်ပိုးတွေ့တဲ့ ကိုးဦးနဲ့ အနီးကပ်ဆုံးထိတွေ့ဆက်စပ်တဲ့ ဆယ်ဦးကို ကွာရန်တင်းထားထားတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုဗစ်ပိုးတွေ့သူတို့အား ကော့သောင်းဆေးရုံကြီးတွင် ဆေးဝါးကုသပေးနေပြီး ထိတွေ့ဆက်စပ်သူ အမျိုးသားဆယ်ဦးအား နဝရတ်အားကစားရုံတွင် ကွာရန်တင်းထားထားကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

ကျန်သူတို့အား နေရပ်သို့ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်းဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွှဲပေးခဲ့ခြင်းဖြစ်သည်။

ကော့သောင်းဘက်သို့ မလွှဲပြောင်းမီ ထိန်းသိမ်းရေးစခန်းတွင် လအတန်ကြာ ထိန်းသိမ်းခံရလေ့ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက မြန်မာအလုပ်သမားတို့အား ကော့သောင်းဘက်သို့ နှစ်ကြိမ် လွှဲပြောင်းပေးခဲ့သည်။