ချင်းမိုင်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာ၌ ပြန်တမ်းဝင်အရာရှိနှင့် မိဘထောက်ခံချက်ပါရမည်ဟု ထုတ်ပြန်

0
2361

မြန်မာနိုင်ငံကူး လက်မှတ်အမျိုးအစားများဖြစ်သော PV (Passport for Visit) နှင့် PE (Passport for Education) တို့ကို သက်တမ်းတိုးရာတွင် ပြန်တမ်းဝင်အရာရှိနှင့် မိဘ‌ထောက်ခံချက် အပါအဝင် အချက်အလက်များစွာကို တင်ပြရမည်ဟု ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံမှ သိရသည်။

PV နှင့် PE စာအုပ်များသက်တမ်းတိုးရန် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့်မြို့နယ်မှ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ရုံး ထောက်ခံစာတို့ လိုအပ်သည့်အပြင် ပြန်တမ်းဝင်အရာရှိတစ်ဦး၏ ဝန်ထမ်းကဒ်ပူးတွဲပါရှိသော ထောက်ခံစာ၊ မှတ်ပုံတင် ပူးတွဲပါရှိသော မိဘနှစ်ပါး၏ ထောက်ခံစာ စသော အချက်အလက်များ ပေးအပ်ရမည်ဟု ယင်းကြေညာချက်တွင်‌ ဖော်ပြထားသည်။

ယင်းကြေညာချက်ကို ဧပြီလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် စာဖြင့်ကပ်ထားပေးကြောင်း ယင်းဌာနမှ ဝန်ထမ်းတစ်ဦးကဆိုသည်။

“အဲဒါက ဟိုဘက် (မြန်မာ) က ကန့်သတ်တာလေ။ သူတို့ကို လိုအပ်တဲ့ စာရွက်စာတမ်းတွေပေးရမှာ။ အမှန်က ဒီဟာက အခုမှ ချက်ချင်းကြီး ဖြစ်တာမဟုတ်ဘူးပေါ့နော်။ ဒီဟာတွေက တောင်းတာကြာနေပြီ။ မယ့်ဖာလွမ်တို့ ချင်းမိုင်က ကျောင်းသားတွေဆို သိလိမ့်မယ်” ဟု ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ရှိသူတစ်ဦးက Dawei Watch ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ယင်းအပြင် ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှု အသေးစိတ်ကို ရေးသားထားသည့် ကိုယ်တိုင်ရေးစာနှင့် ကျောင်းတက်နေပါက ကျောင်းနှင့်ပက်သက်သော အထောက်အထားများကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားသူ တစ်ဦးကလည်း QR ကုတ်ရရန်အတွက် လချီကြိုတင်ကာ စာရင်းယူရကြောင်း၊ သတ်မှတ်ရက်ရောက်သဖြင့် သွားရောက်သက်တမ်းတိုးရာတွင် ပြန်တမ်းဝင်အရာရှိတစ်ဦးဦး ထံမှထောက်ခံစာနှင့် မိဘထောက်ခံစာ ထပ်ယူခိုင်းကြောင်း၊ ယူခိုင်းသည့် ထောက်ခံစာမှာ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံပေးရမည်ဖြစ်ရာ ပြန်တမ်းဝင်အရာရှိ၏ ထောက်ခံချက် ရရန် ခက်ခဲနေကြောင်း ရှင်းပြသည်။

မိဘကလည်း နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံထားသဖြင့် နိုင်ငံရေးလှုပ်ရှားမှု တစ်ခုခုတွင် ပါဝင်မိပါက ပြည်တွင်းက မိဘကို သွားရောက်အရေးယူမည့် သဘောဟုမြင်ကြောင်း၊ မဖြစ်သင့်သော ကန့်သတ်ချက်များဖြစ်ပြီး ပြည်သူလူထုကို ဖိနှိပ်ရန်လုပ်ဆောင်‌သော ဆောင်ရွက်ချက်ဟုမြင်ကြောင်း ၎င်းကဆိုသည်။

ထိုင်းရောက်မြန်မာနိုင်ငံသားများ ပြည်တွင်းရှိ ထောက်ခံစာယူနေရသဖြင့် အခက်အခဲဖြစ်နေသည့်အပေါ် အလုပ်သမားရေးရာ အကြံပေး ရှေ့နေဦးအောင်မျိုးသန့်ကို မေးမြန်းရာတွင် “လောလောဆယ် အခုမှ သီးသန့် ကြေညာချက်ထွက်တယ်ဆိုတာ ကျွန်တော်တို့က ဘယ်လိုမှ ပြောလို့မရသေးဘူး။ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာဆိုတာက အဲဒီကြေညာချက်ထွက်ပြီးမှ သိရမဲ့ကိစ္စမျိုးတွေကို ကျွန်တော်က ကြိုပြောလို့တော့ မရသေးဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လာရောက်သက်တမ်းတိုးရာတွင်လည်း အနည်းဆုံး နိုင်ငံကူးလက်မှတ် သက်တမ်း ၆ လရှိနေရန် လိုအပ်ပြီး နိုင်ငံကူးလက်မှတ်နှင့် ဗီဇာသက်တမ်း ကုန်ခါနီး ရက်နီးကပ်နေချိန်မှ ကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်တင်ပြကာ အမြန်ဆောင်ရွက်ပေးရန် ဖိအားပေး တောင်းဆိုမှု မပြုလုပ်ကြဖို့ရန်လည်း ကြေညာချက်တွင် ထည့်သွင်း သတိပေးထားသည်။

ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်းမရှိ၍ ဘန်ကောက်အခြေအနေကိုမူ မသိရှိရသေးပေ။