ကမြောကင်းတံတားတွင် စစ်ဆေးမှုတင်းကျပ်၊ မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရ

0
2528

ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတားတစ်စင်းဖြစ်သော ကမြောကင်းတံတားတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာပြီး မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားပြည်သူများက ပြောသည်။

သင်္ကြန်မတိုင်ခင်က တံတားကို ဖြတ်သန်းသွားလာလျှင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တွန်း၍ သွားလာရခြင်း၊ ဆိုင်ကယ်တူးဘောက်ဖွင့် စစ်ဆေးခြင်း၊ ပိုက်ဆံအိတ်များကိုသာ ဖွင့်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

သင်္ကြန်ပွဲတော်အပြီးတွင် မှတ်ပုံတင်ပါ ပြရသည့်အပြင် မှတ်ပုံတင်ပါ ဓာတ်ပုံနှင့် လူမျက်နှာ၊ ကိုယ်ရေး အချက်အလက်များကိုလည်း တိုက်ဆိုင်စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီနေ့မနက်ကဆိုရင် လမ်းကြောင်းတောင် ခဏပိတ်သွားတယ်။ ကားပေါ်က ခရီးသည်တွေလည်း အကုန်ဆင်းပြရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မှတ်ပုံတင် မပါလာသူများဆိုလျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လှည့်၍ယူခိုင်းခြင်း၊ အချို့ကို နောက်ဆုံးအကြိမ် အဖြစ် သတိပေးကာ ဖြတ်သန်းခွင့်ပြုခြင်းများရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် ခရီးသွားပြည်သူအချို့က ပြောပြသည်။

ယင်းသို့ စစ်ဆေးရာတွင်လည်း ထားဝယ်ဘက်သို့ သွားသူများကိုသာ အဓိကထားစစ်ဆေးနေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်ကာလနှင့် အာဏာသိမ်းပြီးခါစကာလတို့တွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ယခုကဲ့သို့ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးခဲ့သေးသည်။

ယင်းနောက် မစစ်ဆေးတော့ဘဲ တစ်နှစ်ကျော်ကြာပြီးနောက် ယခုသင်္ကြန်ကာလအလွန်တွင် မှတ်ပုံတင် ပြန်လည်စစ်ဆေးလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မည်သည့်အကြောင်းအရင်းကြောင့် စစ်ဆေးမှုတင်းကျပ်လာသည်ကိုမူ မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဆက်နွှယ်သူများ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် သပိတ်များတွင် ပါဝင်သူများ စသည်တို့ကို ရှာဖွေခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့က သုံးသပ်ကြသည်။

ခရီးသည်များ မှတ်ပုံပြပြီး သွားလာသည်မှာ ယခင်က ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ် များတွင်သာ ရှိခဲ့သည်။

ယခု မြို့နယ်ချင်းဆက် စစ်ဆေးရေးဂိတ်များတွင်ပါ မှတ်ပုံတင် စစ်ဆေးလာသည်ကို တွေ့ရကြောင်း ခရီးသွားပြည်သူအချို့က ဆိုသည်။

“ပိုက်ဆံအိတ်ဖွင့်ပြခိုင်းတာတွေက မဆိုင်ဘူးလို့ထင်တယ်နော်။ ပြီးတော့ ဟိုမေးဒီမေး စိတ်ရှုပ်ရတယ်” ဟု လောင်းလုံးမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီလ ၁၂ ရက် နေ့ကမူ ထားဝယ်မြို့ပေါ်က အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးနှင့် အဒေါ်ဖြစ်သူတို့ ကမြောကင်းတံတားဂိတ်တွင် ဖမ်းဆီးခံရပြီး တစ်ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ ပြန်လွှတ်ပေးခဲ့သည်။ ယင်းဖြစ်ရပ်မှာ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံခဲ့ရသည်ကို မသိရသေးပေ။

ယခင်က ကမြောကင်းတံတားကို ဖြတ်သန်းသွားလာမည်ဆိုပါက တံတားဟောင်း စစ်ဆေးရေးဂိတ်တစ်ခုတွင်သာ စစ်ဆေးခံရပြီး ယခုတံတားသစ်တည်ဆောက်ပြီးနောက်ပိုင်းတွင် စစ်ဆေးရေးဂိတ်နှစ်ခုဖြစ်လာသည့်အတွက် အသွားဂိတ်၊ အပြန်ဂိတ် နှစ်ခုလုံးတွင် စစ်ဆေးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။