ကော့သောင်း ရှမ်းကိုးရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများပိုများလာ

0
2117

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ရှမ်းကိုးရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ ပိုများလာကြောင်း ဒေသခံအချို့ကပြောသည်။

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ကမ်းတစ်လျှောက်ရှိ အောင်ချမ်သာကျေးရွာ၊ ရေတွင်းတောင်၊ ဆိပ်ဖူး၊ မာရမ်း၊ ဖော့သုတ်၊ အေးချမ်းသာ၊ လုံးဖော၊ ပါကလပ်၊ ဝိုင်ဒင်း စသည့်ကျေးရွာများကို စုပေါင်းပြီး ရှမ်းကိုးရွာဟု ခေါ်တွင်ခြင်းဖြစ်သည်။

အဆိုပါကျေးရွာများရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များက ဦးစီးပြီး လောင်းကစားဝိုင်းများကို မကြာခဏ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“ကြက်ဝိုင်း၊ ဖဲဝိုင်းလိုမျိုးကတော့ နေ့တိုင်းလိုလိုကိုရှိတယ်။ နီထောင်ဝိုင်းတို့ ဝိုင်းကြီးတွေကတော့ လွတ်လပ်ရေးနေ့တို့၊ ရွာမှာ ဇာတ်ပွဲကျင်းပတဲ့အခါဖြစ်ဖြစ် အမြဲလုပ်တယ်။ ရန်ပုံငွေအတွက်ဆိုပြီးလုပ်တာ။ ပုံမှန်တော့မရှိဘူး။ တစ်ခါလုပ်ရင် သုံးလေးရက်ကြာတာလည်းရှိတယ်။ တစ်လလောက်ကြာတာလည်းရှိတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

အာဏာမသိမ်းခင်က တိုင်ကြားမှုများရှိသဖြင့် လောင်းကစားဝိုင်းများ နည်းပါးလာသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း အရင်ပုံစံအတိုင်း လောင်းကစားဝိုင်းများ ပိုများလာခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

အဆိုပါရှမ်းကိုးရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဝင်ထွက် သွားလာနေသော်လည်း လောင်းကစားဝိုင်းများ ဖမ်းဆီးခံရသည်ကို မကြားရကြောင်း ဒေသခံအချို့ကဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်များက လောင်းကစားဝိုင်းများ မလုပ်ရန် ထုတ်ပြန်ကြေညာထားပြီး မကြာခဏဝင်ရောက် ဖမ်းဆီးလေ့ရှိသည်။

ရှမ်းကိုးရွာထဲတွင် တစ်ရွာအပါအဝင်ဖြစ်သည့် ဆိပ်ဖူးရွာတွင်လည်း သင်္ကြန်မတိုင်ခင်ကတည်းက နီထောင်လောင်းကစားဝိုင်းနှင့် ကြက်ဝိုင်းများပြုလုပ်နေခဲ့ပြီး သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်က ပျူစောထီးနှစ်ဦး ပစ်သတ်ခံရပြီးနောက် လောင်းကစားဝိုင်းရပ်နားသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။