ပျူစောထီး၊ စစ်ကောင်စီနှင့်ပတ်သက်သည်ဆိုသူ ငါးဦးကို ဆက်လက်ဖမ်းထားဟု သရက်ချောင်းပကဖဆို

0
2973

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ဧပြီလ ၃ ရက်နေ့က ဖမ်းဆီးမိသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ပကဖ) ထံမှသိရသည်။

ထားဝယ်ဘက်မှ မြိတ်ဘက်ကို ဘုရားဖူးသွားသည်ဆိုသော အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို ပျူစောထီး၊ စစ်ကောင်စီနှင့်ပတ်သက်သူများဟုဆိုကာ PDF အဖွဲ့က ဧပြီလ ၃ ရက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးကို စစ်ဆေးရာ ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ ဇနီးတစ်ဦးအပါအဝင် ပျူစောထီးအဖွဲ့ဝင်နှင့် စစ်ကောင်စီကို သတင်းပေးနေသူများဖြစ်သည်ဟု ဝန်ခံထားပြီးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူအချို့က ပြောဆိုသည်။

“အခုတော့ လုံခြုံတဲ့တစ်နေရာမှာ ထိန်းသိမ်းထားပြီးတော့ ဖမ်းထားတာပေါ့နော်၊ သတ်ဖြတ်တာတွေတော့ မရှိဘူးပေါ့” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားမှာ အသက် ၄၀ ကျော် ၅၀ ဝန်းကျင်ခန့်ရှိပြီး အမျိုးသမီးကြီးများမှာ အသက် ၅၀ ကျော်မှ ၇၀ ခန့်အရွယ်များအထိ ပါဝင်သည်ဟု သိရသည်။

ဧပြီလ ၁၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဘုတ်တောင်အနီးတွင် ကျောင်းဆရာမလေးဦးအဖမ်းခံရပြီး ထားဝယ်တွင် B.Ed သင်တန်းလာတက်သည့်  ပုလောမြို့နယ် ခန္ဒီကျေးရွာမှ အလယ်တန်းပြကျောင်းဆရာမ တစ်ဦးမှာ ယနေ့အထိ ပြန်မလွတ်သေးပေ။

သိုသော် ယင်းကျောင်းဆရာမကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးသည်ကိုမူ မသိရသေးပေ။