ပုလော မင်းထိန်ရွာတွင် ဆန်ပြတ်လပ်

0
2161

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် ဆန်အပါအဝင် စားနပ်ရိက္ခာအချို့ ပြတ်လပ်နေကြောင်း ဒေသခံများ ထံမှသိရသည်။

မင်းထိန်ကျေးရွာသို့ ပြီးခဲ့သည့် တစ်လကျော်ကတည်းက ဆန်များသယ်ယူခွင့် မပေးတော့ခြင်းကြောင့် လက်ရှိအချိန်တွင် ပြတ်လပ်နေပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ဆန်ကို လုံးဝပေးမသယ်ဘူး။ ဆန်စက်မှာသွားဝယ်လည်း စပါးကကုန်ပြီဆိုတော့ ဆန်ကမရတော့ဘူး။ ဒီမှာထမင်းမစားရတဲ့လူတွေရှိလာတော့ ဝိုင်းမျှဖို့ဖန်ပြီးတော့ စားနေရတယ်”ဟု မင်းထိန်ရွာဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

မင်းထိန်ကျေးရွာသည် ပုလောမြို့အနီးတွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့်အတွက် ရွာသားများ ထွက်ပြေးရခြင်းမရှိဘဲ ပုံမှန်နေထိုင်နေကြသည့် ကျေးရွာဖြစ်သည်။

သို့သော် ယင်းရွာအနီးရှိ ပဝတ်ကုန်း၊ သင်္ကန်းတော၊ကဒဲ စသည့်ကျေးရွာများတွင်မူ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ကြာပြီဖြစ်ပြီး မင်းထိန်တစ်ရွာတည်းသာ ဒေသခံများ နေထိုင်နေကြခြင်းဖြစ်သည်။

“ပုလောမြို့၊ မကျည်းကုန်းဂိတ်မှာစစ်တယ်။ ဆန်ကိုလုံးဝမပေးသယ်ဘူး။ မာမား(ခေါက်ဆွဲခြောက်)လည်း ပါကင်လိုက်ဆို ပေးမသယ်ဘူး။ ယူထားရစ်တယ်။ စားဆီလည်း တစ်ဘူးပဲသယ်လို့ရတယ်။ အမေးအမြန်း အစစ်အဆေးလည်းကြမ်းတယ်”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့် လက်ပံပင်၊ကဗျာ၊ပဝတ်ဖျား စသည့်ကျေးရွာငယ်များမှ ဒေသခံများသည်လည်း မင်းထိန်ကျေးရွာသို့ လာရောက်ကာ စားသောက်ရန် ရိက္ခာများဝယ်ယူလေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင်မူ ရွာအတွင်းရှိ ကုန်ခြောက်ဆိုင်အချို့ ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့ကဆိုသည်။

‘မြိတ်ဘက်ကသယ်ရင်လည်း ကျွဲကူးတံတားမှာ အစစ်ခံရသလို ပလဂိတ်မှာလည်း အစစ်ဆေးခံရတယ်။ ဆန်အိတ်တွေများရင် အကုန်ဆွဲချပြီး စစ်ဆေးတယ်”ဟု မင်းထိန်ရွာသား ကပြောသည်။

ပုလောမြို့တွင် သင်္ကြန်အကြတ်နေ့ကလည်း တရားစခန်းဝင်နေသည့် အသက် ၅၀ ကျော်အရွယ်ရှိ ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးသည့်အကြောင်းအရင်း မသိရကြောင်း  ဒေသခံများထံမှသိရသည်။

မင်းထိန်ရွာတွင် တိုက်ပွဲမရှိသော်လည်း ယင်းရွာအနီးတဝိုက်တွင်မူ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိသည်။

စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေသည်။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ထွက်နေထိုင်နေသည်ဟု ယူဆရသည့် ကျေးရွာများအား ရိက္ခာများ ကန့်သတ်ဖြတ်တောက်ထားသည်မှာကြာပြီဖြစ်ပြီး လက်ရှိအချိန်တွင် ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေသည်ဟု ဒေသခံများကဆိုသည်။