မြိတ်တွင် ကမ်းနီးလှေများအား အစစ်အဆေးတင်းကျပ်

0
2102
ပုံစာ - မြိတ်မြို့ရှိ ကမ်းနီးလှေအချို့။

မြိတ်မြို့တွင် သင်္ကြန်ကာလပြီးနောက် လုပ်ငန်းခွင်ပြန်ဝင်ကြသည့် ကမ်းနီးလှေများအား အစစ်အဆေးတင်းကျပ်နေပြီး အထောက်အထားမစုံလျှင် ငါးဖမ်းခွင့်မပြုကြောင်း ကင်းနီးလှေလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

အဆိုပါကမ်းနီးလှေများတွင် လှေလိုင်စင်၊ စက်လိုင်စင်တို့အား အဓိကထားပြီး စစ်ဆေးခံနေရကြောင်း ၎င်းတို့က ဆိုသည်။

“လှေဂရန်၊ စက်ဂရန်စုံတဲ့လှေတွေ‌က ထွက်ကုန်ကြပြီ။ လှေမှာက စက်ဂရန် သက်တမ်းကုန်နေလို့ ပြန်လုပ်နေရ သေးတယ်” ဟု ပိုင်လှေ (ငါးရွှေပိုက်) လှေပိုင်ရှင်တစ်ဦးက ပြောသည်။

ကမ်းနီးလှေများတွင် လှေလိုင်စင်၊ စက်လိုင်စင် စစ်ဆေးခြင်းအား မြို့အထွက်နှင့် ပင်လယ်ထဲရှိ ငါးဖမ်းလုပ်ငန်းခွင်များအထိ လာရောက်စစ်ဆေးနေကြောင်း ၎င်းက ပြောဆိုသည်။

“စစ်တာက ရေတပ်ရော၊ ရဲရောပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ အစစ်အဆေးတင်းကျပ်ခြင်းကို ယခင်က မကြုံတွေ့ဖူးကြောင်း ကင်းနီးလှေပိုင်ရှင်အချို့က ပြောသည်။

“ငါးဖမ်းလာတာ နှစ် နှစ်ဆယ်ကျော်ပြီ။ ဒီလိုမျိုးတစ်ခါမှ မရှိခဲ့ဖူးဘူး” ဟု ကမ်းနီးလှေပိုင်ရှင်တစ်ဦးက ဆိုသည်။

လှေဂရန်၊ စက်ဂရန် ပြည့်စုံမှုမရှိသည့်လှေတို့အား ငါးဖမ်းမည့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခွင့်မပြုကြောင်း ကျွန်းစုမြို့နယ်အတွင်းရှိ ကမ်းနီးလှေလုပ်ကိုင်သူအချို့က ပြောပြသည်။

“လှေမှာ အထောက်အထား ဘာမှမစုံလို့ ငါးဖမ်းခွင့်မပေးဘဲ ရွာကိုပြန်လွှတ်လိုက်တာတော့ ရှိတယ်။ အထောက်အထားတွေ ပြန်လုပ်ပြီးတော့မှ ပြန်ထွက်လို့ရတာပေါ့” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ ကမ်းနီးလှေပိုင်ရှင် တစ်ဦးက ပြောသည်။

ထို့အပြင် အ‌ထောက်အထားစာရွက်စာတမ်း မပြည့်စုံသည့် လှေအချို့တို့အား ‌ဒဏ်ကြေးပေးဆောင်ရနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ကမ်းနီးလှေများအား အစစ်အဆေးတင်းကျပ်မှုများရှိနေသည့်အတွက် လှေဂရန်၊ စက်ဂရန်ပြည့်စုံသည့် လှေများသာ လုပ်ငန်းခွင်ဝင်နေကြကြောင်း ကမ်းနီးလှေလုပ်ငန်းလုပ်ကိုင်သူတို့မှ သိရသည်။

ကျန်လှေများသည် လှေလိုင်စင်၊ စက်လိုင်စင် ပြည့်စုံစေရန် သက်ဆိုင်ရာမြို့နယ်တို့ရှိ ငါးလုပ်ငန်း ဦးစီးဌာတို့တွင် ဆောင်ရွက်နေကြရကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်ခရိုင်တွင် ကမ်းနီးငါးဖမ်းလှေ အစီးရေ ငါး‌ထောင်ကျော်ရှိပြီး တစ်နှစ်ပတ်လုံး ဖမ်းဆီးလေ့ရှိကြသည်။