လောင်းလုံးတွင် အချင်းများရာမှ ပစ်ခတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

0
2487

လောင်းလုံးမြို့နယ်၊ ဝဗျောရွာရှိ အရက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားနှစ်ဦး အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

သေဆုံးသူမှာ မကျွန်းမော်ရွာသား ဦးတင်စိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ဧပြီလ ၁၈ ရက် ညနေပိုင်းက ဝဗျောဈေးအနီးရှိ အရက်ဆိုင်တွင် အချင်းများကြရာမှ အရက်ဆိုင်ရှင် ဦးဘချစ်ခိုင်ဆိုသူက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘာကြောင့် ပစ်သတ်တယ်ဆိုတာတော့ မသိရဘူး။ ဘချစ်ခိုင်ကတော့ ထွက်ပြေးသွားပြီလို့သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

အချင်းများကြသည်ဟုသာ သိရပြီး မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ပစ်ခတ်ခံရပြီနောက် ဦးတင်စိုးကို ထားဝယ်ဆေးရုံသို့ အရေးပေါ်ကားဖြင့် သယ်ဆောင်သွားစဉ် လမ်းခရီးတွင် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဦးတင်စိုးမှာ လောင်းလုံးမြို့နယ် မြို့ဟောင်းရွာဇာတိဖြစ်ပြီး မကျွန်း‌မော်ရွာသူနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းက ဦးတင်စိုး၏ ရုပ်အလောင်းကို ၎င်း၏ဇာတိဖြစ်သော မြို့ဟောင်းရွာသို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။