မြိတ်-တနင်္သာရီကားလမ်းတွင် ၅ ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်

0
2095

မြိတ်-တနင်္သာရီပြည်ထောင်စု ကားလမ်းပေါ်တွင် ၅ ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရသိရသည်။

ဧပြီလ ၄ ရက်၊  ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကြားဖြတ်တိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၄ ရက်နေ့တွင် မြိတ်ဘက်မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဆယ်ဘီးကားကို ဘန်းလမွှတ်ကျေးရွာအုပ်စုအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့်ပျူစောထီးများ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဧပြီ ၈ ရက်နေ့တွင် ချောင်းညီကို ရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများသည် ဘန်းလမွှတ်ကျေးရွာအုပ်စုရှိ မြိတ်-တနင်္သာရီပြည်ထောင်စု လမ်းပေါ်တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုသုံးကြိမ်အတွင်း စစ်ကောင်စီဖက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်ဖက်မှ ထိခိုက်ကျဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

အဆိုပါတိုက်ခိုက်မှုများကို တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးတိုင်း စစ်ကောင်စီတပ်ဘက်မှ လမ်းဘေးဝဲယာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊လက်နက်ကြီးများဖြင့် ရွာအတွင်းပစ်ခတ်ခြင်း၊နေအိမ်အချို့ကို မီးရှို့ခြင်းနှင့် လူငယ်အချို့ကို ဖမ်းဆီးခြင်း ဆိုင်ကယ်စီးသူအချို့ကို ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

တိုက်ပွဲဖြစ်စဥ်ကြောင့် ဘန်းလမွှတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ ထောင်ချီ အိုးအိမ်စွန့်ခွါထွက်ပြေးနေရပြီး ၎င်းတို့အတွက် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် နွေဦးမေတ္တာ-စစ်ဘေးရှောင်ပံ့ပိုးကူညီရေးအဖွဲ့က ဆိုသည်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည်။