စော်ဖျားနှင့် ပကာရီတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများသည်ဟု PDF ထုတ်ပြန်

0
2342
ပုံစာ - စော်ဖျား ဘုရားကုန်းကို PDF ပူးပေါင်းတပ်များ ဧပြီလ ၉ ရက်က ဝင်ရောက်တိုက်ခိုက်စဥ်။

စော်ဖျားနှင့် ပကာရီကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။

ဧပြီလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ် စောဖျားရွာ ဘုရားကုန်းက စစ်ကောင်စီတပ်စခန်း၊ ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း၊ မောင်မယ်ရှောင်ရွာက ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စော်ဖျားရွာ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ခုနစ်ဦး ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားသည်။

တိုက်ပွဲမှာ နံနက် ၆ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားပြီး ငါးနာရီနီးပါးကြာမြင့်ခဲ့သည်။  

စခန်းရလုဆဲဆဲတွင် စစ်ကောင်စီတပ်ဘက်က အင်အားအများအပြား ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ပကာရီ ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများကြောင်း သံမဏိပြောက်ကျားအဖွဲ့က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဘက်ကမူ ရဲဘော် တစ်ဦးဒဏ်ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မောင်မယ်ရှောင်ရွာက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍မူ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင်အတွင်းက ကော်သူးလေတပ်မတော် အပါအဝင် ‌ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ၁၀ ကျော်က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

အထက်ပါ တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှု အခြေအနေကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။