ထိုင်းတွင် မြန်မာလုပ်သား သားအမိနှစ်ဦးအသတ်ခံရ၊ ခင်ပွန်းဖြစ်သူကို သံသရှိသူအဖြစ်ရှာဖွေ

0
2163

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၈နှစ်သားအရွယ် ကလေးငယ်တို့ အခန်းအတွင်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေပြီး ခင်ပွန်းဖြစ်သူကို သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းဖွန်ခရိုင်တွင် ငှားရမ်းနေထိုင်သည့် အခန်းအတွင်း သေဆုံးနေခြင်းဖြစ်သည်။

အခန်းထဲက အပုပ်နံ့များထွက်ပြီး အခန်းအပြင်ဘက်တွင်လည်း ယင်ကောင်များ တွေ့ရှိသဖြင့် ဘေးအခန်းတွင် နေထိုင်သူများက ရဲတပ်ဖွဲ့ထံသို့ ဧပြီလ ၁၀ ရက် ည ၇နာရီခန့်တွင် အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ရဲတပ်ဖွဲ့က အခန်းကို ဖွင့်ပြီး ရှာဖွေရာ အသက် ၃၇ နှစ်အရွယ် မိခင်ဖြစ်သူနှင့် ကလေးငယ်တို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရုပ်အလောင်းတို့တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်ထားသော ဒဏ်ရာများကိုတွေ့ရှိရပြီး အိပ်ယာပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။

သေဆုံးနေသညမှာ ၃ ရက်ခန့်ရှိပြီဖြစ်သည်ဟုဆိုသည်။

အလောင်းအနီးတွင် သွေးပေကျံနေသော တူတစ်ချောင်းကို တွေ့ရှိကြောင်းလည်း ဖော်ပြသည်။

အဆိုပါ မြန်မာအမျိုးသမီးသည် ခင်ပွန်းဖြစ်သူနှင့် ပြီးခဲ့သည် ဇန်နဝါရီလ လလယ်ပိုင်းတွင် လက်ထပ်ပြီးနောက် အဆိုပါအခန်းတွင် ငှားရမ်းနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အသက် ၈နှစ်အရွယ် ကလေးငယ်မှာ ဇနီးသည်ဘက်က ပါလာသည့် ကလေးငယ်ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းတို့ ဇနီးမောင်နှံမှာ ဆောက်လုပ်ရေး အလုပ်သမားများဖြစ်ကြကြောင်းလည်း ဖော်ပြသည်။

ခင်ပွန်းဖြစ်သူ ဧပြီလ ၇ ရက်နေ့တွင် ကားဖြင့်ထွက်သွားသည်ကို ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများက နောက်ဆုံးမြင်တွေ့ခဲ့ကြရကြောင်း ရေးသားထားသည်။

ဇနီးဖြစ်သူအား ချင်းမိုင်မြို့ရှိ ဖန်းဒေသို့ ပို့ဆောင်ခဲ့သည်ဟု အခန်းနီးနားနေသူများကို အမှာထားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းနေ့မှစ၍ ခင်ပွန်းဖြစ်သူကို မတွေ့ရှိရတော့သဖြင့် ၎င်းကို ယခုအမှုတွင် သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့ဝင်က လိုက်လုံရှာဖွေနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khoasod Online, MGR Online, Bangkok Post