သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)

0
2825
မယ်ဟောင်ဆောင်သင်တန်းမှာတွေ့ရတဲ့ IMMF အသံလွှင့်သတင်းထောက် သင်တန်းသားများ။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၄၄

(၁) ရဲဘော်ဝင်းထိန်မှ DVB သတင်းထောက် ထက်အောင်ကျော် ဖြစ်လာခြင်း

ကျနော် မှတ်မိသလောက်ဆိုရင် ရဲဘော်ဝင်းထိန်ကနေ DVB သတင်းထောက် ထက်အောင်ကျော်အဖြစ် တရားဝင်သတ်မှတ်တဲ့နေ့ဟာ ၁၉၉၈ နွေရာသီတုန်းက မယ်ဟောင်ဆောင်မှာ ကျင်းပတဲ့ မီဒီယာသင်တန်းမှာလို့ ထင်ပါတယ်။

“ကျန်တဲ့သူတွေက အမည်ရင်းတွေနဲ့ ပြန်လုပ်ကြပေမယ့် ခင်ဗျားကိုတော့ ထက်အောင်ကျော်အဖြစ် ပရိသတ်ကသိပြီးသားဆိုတော့ အဲဒီအမည်ကိုပဲ ဆက်ယူစေချင်ပါတယ်” ဆိုပြီး ABSDF ခေါင်းဆောင်တဦးလည်းဖြစ်၊ သင်တန်း တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ကိုစိုင်းမြင့်သူက အကြံပြုတဲ့အတွက် ဒီလိုဖြစ်လာတာလို့ ပြောနိုင်ပါတယ်။

မင်းသမီးစခန်း ကျပြီးလို့ ဘန်ကောက်ကို ရောက်ကာစ၊ တနည်းအားဖြင့် တောတွင်းသတင်းထောက်ကနေ မြို့ပေါ်သတင်းထောက်ဖြစ်ကာစမှာ ပထမဆုံးတက်ဖူးတဲ့ သင်တန်းကတော့ IMMF (The Indochina Media Memorial Foundation) နဲ့ DVB ပူးတွဲဖွင့်လှစ်တဲ့ သီတင်း၂-ပတ်ကြာ အခြေခံ အသံလွှင့်သတင်းထောက်သင်တန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတုန်းက သတင်းစာပညာဆိုတာကို နကန်းတလုံးမှ နားမလည်ပဲနဲ့ တောထဲမှာ နေရင်းထိုင်ရင်း သတင်းထောက်ဖြစ်လာတဲ့ ကျနော်အဖို့တော့ ဒီသင်တန်းဟာ တကယ့်ကို အရေးကြီးပါတယ်။ သင်တန်းပို့ချတဲ့ အနောက်တိုင်း ဝါရင့်သတင်းစာဆရာတွေနဲ့ တွေ့တော့မှပဲ ကိုယ်ပို့နေသမျှ သတင်းအတော်များများဟာ “ဝါဒဖြန့်ချီရေး” ဆန်နေမှန်းသိလာခဲ့ပြီး ဝါဒဖြန့်တာနဲ့ “သတင်းစစ်စစ်” ကို ကွဲကွဲပြားပြား သိလာခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံပညာရေးစနစ်ထဲမှာ သတင်းစာပညာ သင်ရိုးညွှန်တမ်း မရှိတဲ့အဖြစ်ကိုလည်း စိတ်နာမိပါတယ်။ ကျနော်တို့ ကျောင်းတက်စဉ်ကတော့ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာနဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေကလွဲပြီး တခြား မီဒီယာတွေမရှိသေးပါ။ လုံးချင်း အချစ်ဝတ္ထုတွေ ခေတ်အစားဆုံး အချိန်ဖြစ်ပါတယ်။

တက္ကသိုလ်ဝန်းကျင်မှာတော့ စာပေဝါသနာပါသူတွေ စုပေါင်းပြီး ထုတ်ဝေတဲ့ ကဗျာစာအုပ်ငယ်လေးတွေ ခေတ်စားခဲ့ပါတယ်။ ဒါကြောင့် ကဗျာတွေ၊ စာတွေကို စိတ်ဝင်စားသူအများစုဟာ မြန်မာစာဘာသာရပ်ကို ယူကြတယ်လို့သိရပါတယ်။

ဒါပေမယ့် ကျနော်ကိုယ်တိုင်ကတော့ စာရေးတာကို ဝါသနာပါလို့ မြန်မာစာကို ယူတယ်ဆိုတာထက် ဆယ်တန်းအောင်မှတ်က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မမီလို့ မြန်မာစာကိုယူ လိုက်ရတာဆိုရင် ပိုမှန်မယ်ထင်ပါတယ်။

တက္ကသိုလ် ၅ နှစ်တာကာလအတွင်း ကဗျာတွေ၊ ဆောင်းပါးတွေရေးပြီး မဂ္ဂဇင်းမျိုးစုံကို ပို့ဖူးခဲ့ပေမယ့် တခါမှ ပုံနှိပ်ဖော်ပြခံရခြင်း မရှိခဲ့ပါဘူး။ စာပေလုပ်သားအဖွဲ့ဝင်ဖြစ်သွားတဲ့ မြန်မာစာမေဂျာက ရေးဖော်သူငယ်ချင်းတဦးကတော့ ကိုယ်ယုံကြည်တဲ့အတိုင်း လျှောက်မရေးပဲ အယ်ဒီတာအကြိုက်၊ ထုတ်ဝေသူအကြိုက် ပေါ်လစီဆောင်းပါးတွေ၊ ကဗျာတွေရေးဖို့၊ အဲဒီလိုရေးပြီး ပုဒ်ရေ ၁၀ ကျော်ပါမှ စာပေလုပ်သားဖြစ်မယ်လို့ အကြံပေးခဲ့ဖူးတာကို အမှတ်ရနေပါတယ်။

ဒါပေမယ့် အဲဒီကတည်းက သူပုန်စိတ်ဝင်နေသလား မပြောတတ်ပါဘူး။ ကိုယ်ထင်တာ ကိုယ်ရေးတဲ့ညဉ်ကို မစွန့်နိုင်တဲ့အတွက် ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်မှာ ၃-ကျပ်တန် ကဗျာစာအုပ် ၂-အုပ်လောက် ထုတ်ဝေဖူူးတာကလွဲရင် ပုံနှိပ်ဖော်ပြခံရတဲ့စာမျိုး ရေးသားနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

တခါ တောထဲရောက်တော့လည်း ကလောင်စွမ်းပြချင်သူ အတော်များများက “ဒေါင်းအိုးဝေ” မှာ အပြိုင်အဆိုင် ရေးနေကြပေမယ့် ကျနော်က မရေးဖြစ်ခဲ့ပါ။ ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၃ နှောင်းပိုင်း ပင်လယ်ပြင်စစ်ကြောင်းမှာ တာဝန်ယူနေစဉ်အတွင်း ရေးသားခဲ့တဲ့ “သစ်မရမီ ဝါးပေါင်းကွပ်ခြင်း” ဆိုတဲ့ ဆောင်းပါးတပုဒ်ပဲ ဒေါင်းအိုးဝေမှာ ပါခဲ့ဖူးပါတယ်။

မာနယ်ပလောအခြေစိုက် DAB နဲ့ တပ်ပေါင်းစု အင်အားအကောင်းဆုံးချိန်မှာ တပ်ပေါင်းစုမူကိုပယ်ပြီး စစ်အစိုးရနဲ့ အပစ်ရပ်သွားတဲ့ KIO ကို ဝေဖန်တဲ့ ဆောင်းပါးဖြစ်ပါတယ်။

———————

နဝတ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်အောင်ကို သတင်းထောက် အောင်ဇော်နှင့် ထက်အောင်ကျော်တို့ မေးမြန်းနေစဉ်။

(၂) ဧရာဝတီအယ်ဒီတာချုပ် ကိုအောင်ဇော်နှင့် တွေ့ဆုံခြင်း

အနှစ်ပြန်ချုပ်ရရင်တော့ ဆောင်းပါးလည်း အသေချာမရေးဖူး၊ မီဒီယာအကြောင်းလဲ ဘာမှမသိ၊ စာပေအသိုင်းဝိုင်းနဲ့လည်း မနီးစပ်ဖူးတဲ့ (တကယ်တော့ စာပေအသိုင်းအဝိုင်းနဲ့ မီဒီယာအသိုင်းအဝိုင်းဟာ အခြေခံ မတူကြပါဘူး။ ဒါပေမယ့် မြန်မာအများစုကြားမှာ စာပေသမားနဲ့ မီဒီယာသမား အတူတူလို့ ထင်နေကြဆဲဖြစ်ပါတယ်) ကျနော်ဟာ သတင်းစာပညာကို လက်ပူတိုက်သင်ပြီး သတင်းထောက်ဖြစ်လာသူ၊ သတင်းထောက်အလုပ်ကို တော်လှန်ရေး တာဝန်တရပ်လို့ သဘောထားပြီး ဆောင်ရွက်နေသူဆိုရင် ပိုမှန်ပါလိမ့်မယ်။

မယ်ဟောင်ဆောင်က သတင်းထောက်သင်တန်းကို ရောက်နေသူ အားလုံးဟာလည်း ကျ နော့်လိုပဲ ဂျာနယ်လစ်ဇင်ဆိုတာကို မြန်မာနိုင်ငံက ကျောင်းတွေမှာ တခါမှ မသင်ဖူးခဲ့တဲ့ လူတွေလို့ ထင်ပါတယ်။ ဒါပေမယ့် သင်တန်းသားတွေထဲ ပါလာတဲ့ ကိုအောင်ဇော်ကတော့ ချွင်းချက်ဖြစ်နိုင်ပြီး အဲဒီ အချိန်ကတည်းက သူဟာ Bangkok Post နဲ့ The Nation မှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ ရေးနေသူ၊ RFA သတင်းထောက်အဖြစ် တာဝန်ထမ်းနေသူ၊ The Irrawaddy စာစောင်ကို အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေနေတဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။

“အောင်ဇော်ဆိုတာ ဦးတင့်ဇော်တို့အရွယ် တက္ကသိုလ်က ကျောင်းဆရာကြီးတဦးလို့ပဲ ထင်ထားတာ” ဆိုပြီး ကျနော်ကပြောတော့ ကိုအောင်ဇော်အပါဝင် သင်တန်းသားအားလုံး ဝိုင်းရယ်ကြတာကို မှတ်မိနေပါသေးတယ်။ အဲဒီအချိန်မှာ ဗကသ-ခေါင်းဆောင်ဟောင်း တက္ကသိုလ်ဆရာတဦးဖြစ်သူ ဦးတင့်ဇော်ဟာလဲ RFA သတင်းထောက်အဖြစ် သတင်းပို့နေသူ ဖြစ်ပါတယ်။

“အင်္ဂလိပ်လိုရေးဖို့ ဘာမှတွန့်မနေနဲ့။ ခင်ဗျားပြောချင်တာကို ခင်ဗျားနားလည်သလိုသာ လိုတိုရှင်း ချရေးလိုက်ပါ။ ခင်ဗျားဆိုလိုရင်းကို အယ်ဒီတာ နားလည်ဖို့က အဓိကပဲ” လို့ ကိုအောင်ဇော်က ပြောပါတယ်။

ဆိုလိုတာကတော့ အင်္ဂလိပ်လို ဆောင်းပါးရေးတာကို တက္ကသိုလ်က ပါမောက္ခတွေ၊ ကထိကတွေ၊ ပညာရှင်တွေသာ လုပ်နိုင်တဲ့အလုပ်၊ ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲ ပါလာတဲ့၊ အင်္ဂလိပ်စာကို ဘုန်ကြီးကျောင်းလေသံနဲ့ ပြောနေတဲ့ ကျနော်တို့လို “ဘဂဝါ အင်္ဂလိပ်စာသမား” တွေ မလုပ်နိုင်ဘူးလို့ ထင်နေခဲ့တဲ့ ကျနော်ရဲ့တွေဝေမှုတွေကို သူက အားပေးခဲ့တာပါ။

အင်္ဂလိပ်ဘာသာနဲ့ သတင်း၊ ဆောင်းပါး ရေးတယ်ဆိုတာဟာ ပညာရှင်တွေ စာတန်းပြုစုသလို ပညာရပ်ဆိုင်ရာ စကားလုံးကြီးကြီးတွေနဲ့ ရေးတာမျိုးမဟုတ်ပဲ ကိုယ်ပြောချင်တဲ့ အဓိကအချက် စာဖတ်သူဆီရောက်ဖို့က အဓိကပါ။ “Perfect ဖြစ်မှရေးမယ်၊ Perfect ဖြစ်မှ လုပ်မယ်ဆိုပြီး စောင့်နေရင် ခင်ဗျားဘယ်တော့မှရေးဖြစ်၊ လုပ်ဖြစ်မှာတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကိုအောင်ဇော်ရဲ့ စကားက ကျနော့်အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။

——————

၂၀၀၀ ခုနှစ်က ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ RFA, BBC, DVB မြန်မာသတင်းထောက်များကိုတွေ့ရစဉ်။

(၃) ဝါဒဖြန့်ချီရေးသမားလား၊ သတင်းသမားစစ်စစ်လား

ဒီသင်တန်းအပြီးမှာတော့ ကျနော်ဟာ ဘန်ကောက်အခြေစိုက် DVB သတင်းထောက်အဖြစ် အချိန်ပြည့် တာဝန်ထမ်းခဲ့ပြီး အင်္ဂဘာသာနဲ့ ဆောင်းပါးတွေလည်း စရေးဖြစ်ခဲ့ပါတယ်။ ဒီလိုပြောလိုက်လို့ အခုခေတ် DVB သတင်းထောက်တွေလို ကိုယ်ပိုင်ရုံးခန်းတွေ၊ ကိုယ်ပိုင်ကွန်ပြူတာတွေ၊ ကိုယ်ပိုင် လက်ကိုင်ဖုန်းတွေနဲ့ အလုပ်လုပ်နေတယ်လို့ မထင်လိုက်ပါနဲ့။

ရတဲ့ထောက်ပံ့ကြေးက တလမှ ဘတ် ၃၀၀၀ နဲ့ ၅၀၀၀ အကြား။ အဲဒီငွေနဲ့ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်၊ တယ်လီဖုန်းစရိတ် အကုန်လုံး လောက်အောင်သုံးဖို့ဆိုတာ ဘယ်လိုမှ မလွယ်ပါ။

ဒီတော့ အခန်းခ မပေးရတဲ့နည်းအဖြစ် ဘန်းကပိ The Mall ကုန်တိုက်အနီးရှိ ABSDF ရဲ့ ထောက်ပံ့ရေးရုံးခန်း (ABSDF ရုံးခန်းတွေဟာ လူနေဆောင်လည်း ဖြစ်ပါတယ်) မှာ ကပ်နေရပါတယ်။ ပြီးတော့ ရုံးတယ်လီဖုန်းနဲ့ ဖက်စ်တွေကိုသုံးပြီး ဖုန်းဘေလ်တွေကို တာဝန်ယူ ရှင်းပေးရပါတယ်။

ရုံးမှာ ကွန်ပြူတာရှိပေမယ့် သုံးချင်သူများလွန်းလို့ တန်းစီစောင့်ရတဲ့အပြင် အဲဒီကာလက ကွန်ပြူတာလည်း မသုံးတတ်သေးပါ။ ဒီတော့ DVB ဘန်ကောက်ရုံး တာဝန်ခံ ကိုဘမောင်ဇင် ထုတ်ပေးထားတဲ့ မီဒီဒစ် ကက်ဆက်တလုံးနဲ့ အင်တာဗျုးလုပ်၊ ပြီးရင် အဲဒီထဲမှာပဲ တခါတည်းအသံတွေကို အကြမ်းတည်းဖြတ်၊ လိုတဲ့အသံတွေကို နံပတ်စဉ်မှတ်ပြီး အော်စလိုရုံးက ဖုန်းခေါ်လာတဲ့အချိန်မှာ DVB မူပိုင် အပေါက်ဖောက်ထားတဲ့ တယ်လီဖုန်းကို ဝိုင်ယာကြိုးအသွယ်သွယ်နဲ့ ဂျွိုင်းပြီး ဒီတိုင်းပို့ရတဲ့ဘဝပါ။

ဘန်ကောက်မှာ တာဝန်ထမ်းနေစဉ် ကာလအတွင်း စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးကြုံလိုက်ရတဲ့ သတင်းကြီး ၂ ခုကတော့ စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့ VBSW က မြန်မာသံရုံးကို ဝင်စီးမှုနဲ့ God Army က ရတ်ချပူရီဆေးရုံကို ဝင်စီးမှုတွေပဲ ဖြစ်ပါတယ်။

ဝင်းထိန်နှင့် ရတ်ချ်ဘချိုတို့ ပူးတွဲရေးသားတဲ့ အင်္ဂလိပ်ဘာသာ သတင်းဆောင်းပါးတပုဒ်ကို ၁၉၉၉ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ထုတ် Bangkok Post သတင်းစာတွင် တွေ့ရစဉ်။

လွတ်လပ်တဲ့ သတင်းသမားတဦးရဲ့ Professional media ethic နဲ့ အတိုက်အခံ ရေဒီယိုရဲ့သတင်းထောက်၊ သူပုန်တဖြစ်လဲ သတင်းထောက်တဦးရဲ့ အတိုက်အခံဖက်ကို ဘက်လိုက်ချင်တဲ့ Activist ဆန်တဲ့ အားပြိုင်မှုတွေကို တကယ်စမ်းသပ်တဲ့ သတင်း ၂ ပုဒ်လို့လည်း ဆိုနိုင်မယ်ထင်ပါတယ်။

အထူးသဖြင့် ဘန်ကောက်သံရုံးကို စီးနင်းထားချိန် VBSW ခေါင်းဆောင် ကိုဂျော်နီ (ABSDF တပ်ဖွဲ့ဝင်ဟောင်း၊ ၂၀၀၂ ခုနှစ် နှောင်းပိုင်းမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) နဲ့ ကျနော်ရလိုက်တဲ့ Exclusive တယ်လီဖုန်း အင်တာဗျူးဟာ အဲဒီကာလက သိပ်အရေးပါခဲ့ပါတယ်။

တခါ ကိုဂျော်နီတို့အဖွဲ့ ရဟတ်ယာဉ်စီးပြီး သံရုံးကနေ နယ်စပ်က God Army စခန်းဆီ ထွက်ခွာသွားတဲ့ Live သတင်းပေးပို့ချက်ဟာ အထက်ဖော်ပြပါ အားပြိုင်မှုကို အထင်းသား ပေါ်လွင်စေခဲ့ပါတယ်။

ဒါက သူပုန်သတင်းထောက်နဲ့ သူပုန်တွေကြားက အင်တာဗျုးပါ။ နောက်ထပ် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အင်တာဗျုးက သူပုန်သတင်းထောက်နဲ့ စစ်အစိုးရအရာရှိတွေ ဘန်ကောက်မှာ လူကိုယ်တိုင်တွေ့ပြီး အင်တာဗျုးတာပါ။

သင်တန်းဆင်းကာစ ပထမ ဆုံး လူတွေ့ အင်တာဗျုးလုပ်မိတဲ့ စစ်အစိုးရအရာရှိကတော့ ဘန်ကောက် အာဆီယံ အစည်းဝေးကိုလာတက်တဲ့ နိုင်ငံခြားရေးဝန်ကြီ ဦးဝင်အောင်ဖြစ်ပါတယ်။ အဲဒီကာလဟာ မြန်မာနိုင်ငံမှာ သတင်းအမှောင်ချထားချိန်ဖြစ်ပြီး ဘယ်အစိုးရအရာရှိကမှ မီဒီယာကို စကားမပြောတဲ့အချိန်၊ မီဒီယာသမားကိုတွေ့ရင် ရှောင်ပြေးနေတဲ့အချိန်ဖြစ်ပါတယ်။

ဒီလိုရှောင်ပြေးတဲ့ ဦးဝင်းအောင်ကို အာဆီယံအစည်းအဝေးမှာ ကျနော်နဲ့ ကိုအောင်ဇော်တို့ ဖမ်းပြီးမေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် -“ဘာမှပြောစရာ မရှိပါဘူး“- ဆိုတဲ့ Sound Bite ကိုသာရတဲ့အတွက် အတော်စိတ်ပျက်ခဲ့ရတာကို ကျနော်အမှတ်ရနေပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၅) >>>>>

ထက်အောင်ကျော်