ထားဝယ်တွင် ဆိုင်ကယ်စီး အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

0
3230
ပစ်ခတ်ခံရသည့် နေရာကို ဒီဇင်ဘာ ၁၇ ရက်နေ့ ညဦးပိုင်းက တွေ့ရစဉ်။

ထားဝယ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံ အချို့ထံမှ သိရသည်။

ဗဟိုလမ်းဆုံဘက်မှ လမ်ဆုံကြီးဘက်သို့ မောင်းနှင်းသွားသည့် ဆိုင်ကယ်အား မြန်မာ့ရှေ့ဆောင်ဘဏ်အနီးနားတွင်ရပ်ထားသည့် ကားပေါ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင် အချို့ကပြောကြားသည်။

ဆိုင်ကယ်စီးလာသူ အမျိုးသားသည် သေနတ်ထိမှန်ကာ မြန်မာ့ရှေ့ဆောင်ဘဏ် အနီးတွင် ဆိုင်ကယ်လဲကျသွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“သူက ကမ္ဘောဇဆိုင်( မြန်မာ့ရှေ့ဆောင်ဘဏ်အနီး)နားမှာလဲကျသွားတယ်။ လူကတော့မလှုပ်တော့ဘူး။ ခဏကြာတော့အရေးပေါ်ကားနဲ့တင်ခေါ်သွားတယ်”ဟု မျက်မြင်တွေ့သည့် ခရီးသည်တစ်ဦးကဆိုသည်။

ပစ်ခတ်လိုက်သည့်ကားပေါ်တွင်မူ အရပ်ဝတ် လက်နက်ကိုင်ဆောင်ထားသူများကို တွေ့ရသည်ဟုဆိုသည်။

ဆိုင်ကယ်စီးလာသူ အမျိုးသားပစ်ခတ်ခံရချိန်တွင် ဗဟိုလမ်းဆုံနှင့် လမ်းဆုံကြီး မီးပွိုင့်တို့တွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ နေရာယူ စစ်ဆေးမှုပြုလုပ်နေချိန် ဖြစ်သည်ဟုဆိုသည်။

“သတင်းရလို့ကြိုပြီးလာ စောင့်နေတဲ့ပုံစံမျိုးဖြစ်မယ်” ဟု မျက်မြင်တွေ့ခဲ့သည့် အခြားခရီးသွားပြည်သူတစ်ဦးက ဆိုသည်။

ပစ်ခတ်ခံရသူအမျိုးသားမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရသေးပေ။