သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃)

0
2856
တပ်ရင်းမှူး ရဲဘော်ချစ်ကိုကိုနှင့် (ယာဖက်က ဒုတိယ) ဒေါက်တာနိုင်အောင် ဗဟို-ဖက်က တပ်မှူးများကို ရောင်နီဦးစခန်းမှာ တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း- ၄၃-

(၁) တပ်ရင်းများ ပြန်လည်ပေါင်းစည်းခြင်း

ထပ်စကဲ၊ ပရာကျွတ်နဲ့ ဟွာဟင်ဖက်မှာ တနှစ်နီးပါးကြာပြီးတဲ့အခါမှာတော့ ပူးတွဲပင်လယ်ပြင် ကိစ္စ တာဝန်ပြီးသွားတဲ့အတွက် မင်းသမီးဒေသဆီ ကျနော်တို့ ပြန်လာခဲ့ပါတယ်။ ကျနော် ပြန်ရောက်တဲ့အချိန်မှာ ဗလဖ-တာဝန်ခံဟာ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးစခန်းမှာ ရုံးမထိုင်ပဲ ကန်ချနပူရီမြို့ပေါ်ရှိ ပဒိုဆန်နီရဲ့အိမ်မှာ အခန်းတခုငှားပြီး ရုံးထိုင်နေတာ တွေ့ရပါတယ်။

ဒီအတွက် ဗလဖ အစည်းဝေး လုပ်တဲ့အခါတိုင်း မင်းသမီးဒေသရှိ ဗလဖ အဖွဲ့ဝင်တွေ၊ တပ်ရင်း ၃-ခုက ကိုယ်စားလှယ်တွေအားလုံး ကန်ချနပူရီမြို့ပေါ် တက်ကြရပါတယ်။ အဲဒီအချိန်မှာ နယ်စပ် ဖုနန်းလွန်ရွာ (အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ကနေ ကန်ချပူရီအထိ လိုင်းကားပြေးနေပြီ ဖြစ်တဲ့အတွက် သွားလာရေးကိစ္စ သိပ်အခက်ခဲ မရှိတော့ပါ။

အဲဒီကာလဟာ ၁၉၉၄ နှောင်းပိုင်းလို့ ယူဆရပါတယ်။ ဗလဖ အစည်းဝေးအတွင်း ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ အသစ်တည်ဆောက်ဆဲ စခန်းသစ်ကိစ္စ၊ ပင်လယ်ပြင်ကိစ္စ၊ မဟာမိတ်ဆက်ဆံရေးကိစ္စတွေအပြင် ဒေသတခုတည်းရှိ ABSDF တပ်ရင်းတွေကို တပ်ရင်းတခုတည်းအဖြစ်ပေါင်းပြီး စနစ်တကျပြန်လည် စုဖွဲ့ရေးကိစ္စ ပါဝင်တယ်လို့ ကျနော်အမှတ်ရနေပါတယ်။

ဆိုလိုတာကတော့ မင်းသမီးနဲ့ စခန်းသစ်ဒေသရှိ ဒေါက်တာနိုင်အောင်-ဗဟို လက်အောက်ခံတပ်ရင်း ၃-ခုဖြစ်တဲ့ ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်း ၃-ခုကို ပေါင်းပြီး တောင်ပိုင်းဒေသ တပ်ရင်း ၁-အဖြစ် ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ဒီအတွက် တပ်ရင်း ၃-ခုက တပ်မှူးတချို့ ဒေါင်းဂွင်ဗဟို မကျခင်လေးမှာ ကျင်းပတဲ့ တပ်မှူးညီလာခံဆီတက်ပြီး ဆွေးနွေးကြပါတယ်။

အဲဒီလိုအဆင့်ဆင့် ဆွေးနွေးမှုတွေအပြီး ပြန်လည်စုဖွဲ့လိုက်တဲ့ တပ်ရင်း ၁-မှာ ခေါင်းဆောင်ဖြစ်လာသူတွေကတော့ ၁၀၁ တပ်ရင်းမှူး ကိုချစ်ကိုကို (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး) က တပ်ရင်းမှူး၊ ၂၀၁ တပ်ရင်းမှူး ကိုဇော်သန်းက ဒုရင်းမှူး (နောက်ပိုင်းမှာ ဆရာအောင်မြင့်က ဒုရင်းမှုးဖြစ်လာပြီး ကိုဇော်သန်းက ထောက်လှမ်းရေဗိုလ်အဖြစ် တာဝန်ပြောင်းခဲ့ပါတယ်)။ ၂၀၃ တပ်ရင်းမှူး ကိုချမ်းနိုင်က တပ်ရေးဗိုလ်၊ ၂၀၁ ရေး-ထောက်ဗိုလ် ကိုဝင်းအောင်က တပ်ထောက်ဗိုလ်၊ ၂၀၃ တပ်ရေးအရာရှိ ကိုလှရွေက ရင်းအရာခံဗိုလ် ဖြစ်လာပါတယ်။

တပ်ရင်း-၁ အပေါ်မှာတော့ အတွင်းရေးမှူး-၁ ကိုအောင်ထူး ဦးဆောင်တဲ့ တောင်ပိုင်း ဗလဖအဖွဲ့က အရင်တိုင်းပဲ ဆက်လက် တာဝန်ယူထားပါတယ်။ (နောက်ပိုင်းမှာတော့ တခြားဒေသတွေမှာလဲ အလားတူ တပ်တွေပေါင်းစပ်မှုကို ဆက်လုပ်ခဲ့ပြီး တပ်ရင်း-၁ ကနေ တပ်ရင်း-၄ အထိ တပ်ရင်း ၄-ခုပဲ ဒေါက်တာနိုင်အောင် ဗဟိုအောက်မှာ ထားပါတော့တယ်။ တခါ တနှစ်လောက်ကြာပြီးချိန်မှာ ကိုမိုးသီးဇွန် ဗဟိုလက်အောက်ခံ တပ်ရင်းတွေလည်း အလားတူ ပေါင်းစည်းမှုတွေလုပ်ခဲ့ပြီး တပ်ရင်း ၅ ကနေ တပ်ရင်း ၈ အထိ ပေါ်ပေါက်လာပါတယ်)။

————————–

DVB သတင်းထောက် ထက်အောင်ကျော်အဖြစ် မနီလွိုင်ကျောင်းသားစခန်းမှာ သတင်းယူနေစဉ်။

(၂) ရောင်နီဦးစခန်းက စတုတ္တအကြိမ်ညီလာခံ

အဲဒီလို စုဖွဲ့မှုအသစ်တွေလုပ်ပြီး သိပ်မကြာခင် ၁၉၉၅ အောက်တိုဘာလထဲမှာတော့ စတုတ္ထအကြိမ် ညီလာခံလုပ်မယ်လို့ ဒေါက်တာနိုင်အောင် ဗဟိုဖက်ကနေ ဖိတ်စာရောက်လာပါတယ်။ ဒီအတွက် အရင်ကရှိပြီးသား လုပ်ထုံးလုပ်နည်းတွေအတိုင်း ညီလာခံကိုယ်စားလှယ်တွေ ရွေးချယ်ပါတယ်။

တပ်ရင်း-၁ ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာသူတွေကတော့ ၁၀၁-က လက်ရှိ ဗဟိုဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်၊ တပ်ရင်းမှူး ချစ်ကိုကို။ နောက် အရှည်ကြီးချစ်ကိုလို့ ကျနော်တို့ခေါ်ကြတဲ့ နောက်ထပ်အမည်တူ ချစ်ကိုကိုလည်း ပါပါတယ်။

၂၀၁-က လက်ရှိ ဗဟိုဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး-၂ ကိုဌေးအောင်၊ ပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်း၊ နိုင်ငံခြားရေးဌာနက ကိုမင်းအောင်၊ တပ်မှူးတွေထဲက ဆရာအောင်မြင့်နဲ့ ဗလဖ-အဖွဲ့ဝင်ထဲက ကိုသိန်းဆောင်နဲ့ ကျနော်တို့ ပါဝင်ပါတယ်။ ၂၀၃-က ဗလဖ-အဖွဲ့ဝင်တဦးဖြစ်သူ ကိုသောင်းထွန်း၊ တပ်မှူး တဦးဖြစ်သူ ကိုချမ်းနိုင်နဲ့ နောက်တဦးတို့ ပါဝင်ပါတယ်။

စတုတ္ထအကြိမ်ညီလာခံ ကျင်းပတဲ့နေရာကတော့ ထိုင်းနိုင်ငံ မယ့်စရီယန်းမြို့နယ် သံလွင်မြစ်ဘေး တောနက်ကြီးထဲက ရောင်နီဦးစခန်းမှာ ဖြစ်ပါတယ်။ အဲဒီကာလဟာ မာနယ်ပလောဌာနချုပ်နဲ့ ဒေါင်းဂွင်ဌာနချုပ်အပါဝင် သောင်ရင်းနဲ့ သံလွင်မြစ်တကျောရှိ KUN နဲ့ ABSDF စခန်းအတော်များများကို နဝတ-နဲ့ DKBA တပ်တွေက သိမ်းထားပြီး ဖြစ်တဲ့အတွက် ဒီဒေသရှိ ABSDF တပ်တွေအားလုံး တပ်တည်ဒေသ အတိအကျမရှိပဲ ရွှေ့ပြောင်းနေရတဲ့ကာလ ဖြစ်ပါတယ်။

မယ့်စရီယန်းမြို့ပေါ်ရှိ ABSDF ရုံးကနေ 4-wheel ကားတွေနဲ့ ခဲရာခဲဆစ်သွားရပြီး တောနက်ကြီးထဲရှိ လျှိုမြောင်နဲ့ စမ်းချောင်းလေးတခုရဲ့ဘေးမှာ အဲဒီရောင်နီးဦးစခန်းကို တွေ့ရပါတယ်။ အင်ဖက်မိုး ဝါးတဲ ၅ လုံး ၆ လုံးခန့် တွေ့ရပြီး ညီလာခံကိုယ်စားလှယ်တွေ၊ လုံခြုံရေးတာဝန်ရှိသူတွေ၊ ချက်ပြုတ်ရေးတာဝန်ခံတွေ အပါအဝင် အားလုံးမှ လူ ၁၀၀ လောက်ပဲရှိမယ်လို့ ထင်ပါတယ်။

ကျန်တဲ့ ဗဟိုတခုလုံးက လူတွေကတော့ သံလွင်မြစ်ဘေး မြန်မာဘက်ကမ်း ဝဲကြီးနဲ့ ထိုင်းဖက်ကမ်းက ဒုက္ခသည်စခန်းတွေမှာ ယာယီခိုလှုံနေကြတယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ ဆွေးနွေးတဲ့ အကြောင်းရာများစွာထဲမှာ ဗဟို ၂-ခုပေါင်းစည်းရေးအတွက် ဆက်လက်ဆောင်ရွက်ဖို့ကိစ္စ၊ လွတ်မြောက်နယ်မြေသစ် ရှာဖွေရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတဲ့ အချက် ၃-ခုကို ကျနော် အမှတ်ရနေပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို နေရာပေးဖို့ကိစ္စနဲ့ လူ့အခွင့်ရေးကိစ္စတွေလည်း ပါတယ်လို့ အမှတ်ရနေပြီး ”မြန်မာအမျိုးသမီးသမဂ္ဂ” BWU ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူခဲ့တယ်လို့ ထင်ပါတယ်။

ညီလာခံနောက်ဆုံးနေ့မှာတော့ ဗဟိုကော်မတီအသစ်ကို ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ် ကိုကျော်ကျော်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ကိုစိုင်းမြင့်သူ၊ အတွင်းရေးမှူး-၁ အဖြစ် ဒေါက်တာမြင့်ချို၊ အတွင်းရေးမှူး-၂ အဖြစ် ကိုဌေးအောင်တို့ ဖြစ်လာပါတယ်။

လူသစ်တန်းတွေထဲမှာတော့ ရှေ့မှာပြောခဲ့တဲ့ ၁၀၁-က အရှည်ကြီး ချစ်ကိုကို၊ မောကဲဒေသက မိချမ်း-ခေါ် ကိုခင်မောင်ဆွေနဲ့ ကျနော်တို့ ၃-ဦးက အရန်ဗဟိုကော်မတီဝင်တွေ ဖြစ်လာတာကို အမှတ်ရနေပါတယ်။

————————-

DVB ရေဒီယိုအတွက် အစောဆုံးပြုလုပ်တဲ့ ၁၉၉၂၊ ဇွန်လ Field Reporter Training တက်ရောက်ခဲ့သော ABSDF ရဲဘော်များ။

(၃) စင်ပြိုင်အစိုးရ အသံလွင့်ဌာနအတွက် သူပုန်သတင်းထောက်များ အလိုရှိသည်

ရောင်နီဦးစခန်းမှာကျင်းပတဲ့ စတုတ္ထအကြိမ် ညီလာခံအတွင်း အထက်ဖော်ပြပါ ကိစ္စတွေအပြင် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB အသံလွင့်ဌာန၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အတွက် သတင်းပို့ပေးရေးကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။

(၁၉၉၁ မှာ နိုဗယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ် အမှီပြုပြီး ၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့မှာ DVB စတင်ပေါ်လာပါတယ်။ နော်ဝေးနိုင်ငံ အော်စလိုမြို့အခြေစိုက် DVB ဟာ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ အာဇာနည်နေ့မှာ နှစ် ၂၀ သက်တမ်းပြည့်ပြီ ဖြစ်ပါတယ်။)

ကျနော်မှတ်မိသလောက် အဲဒီအချိန်က ကျနော်ဟာ တောင်ပိုင်းဒေသ ဗလဖ-ရဲ့ဲ ပြန်ကြားရေးတာဝန်ခံဖြစ်ပြီး ဒေသတွင်းက ရတဲ့သတင်းတွေအားလုံးကို ဆက်သွယ်ရေးစက်တွေကနေ တဆင့် ဗဟိုပြန်ကြားရေးဌာနဆီ နေ့စဉ်ပို့ပေးနေတဲ့အချိန် ဖြစ်ပါတယ်။

ဒီအတွက် ဗဟိုပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ DVB ဆိုင်ရာ ABSDF ကိုယ်စားလှယ်လည်းဖြစ်တဲ့ ကိုခင်မောင်ဝင်းက ကျနော်အပါဝင် ဒေသအသီးသီးက ပြန်ကြားရေးတာဝန်ခံတွေကို သီးခြားခေါ်ယူပြီး DVB ဆီ သတင်းပေးပို့ရေးကိစ္စ အသေးစိပ် ဆွေးနွေးခဲ့ပါတယ်။

ABSDF လှုပ်ရှားမှုသတင်း၊ မဟာမိတ်လှုပ်ရှားမှုသတင်း၊ တိုက်ပွဲသတင်း၊ လူ့အခွင့်ရေးချိုးဖောက်မှုသတင်းတွေကို စုဆောင်းပေးပို့တဲ့အခါ အရင်လို အချက်အလက် အကြမ်းထည်အတိုင်း မပို့ပဲ သတင်းတပုဒ်အဖြစ် အသေချာရေးပြီးမှ သတင်းထောက်အမည် တခုခုတပ်ပြီးပေးဖို့ ကိုခင်မောင်ဝင်းက ပြောပါတယ်။

ဒီအတွက် ဒေသတခုချင်းအလိုက် သတင်းထောက်အမည် (တချို့ကတော့ ကလောင်အမည်လို့ခေါ်ကြပြီး ဒီလို ဒေသအလိုက် အမည်ပေးတာဟာ DVB ရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်) တွေကို ရွေးချယ်ကြပါတယ်။ တောင်ပိုင်း ပြန်ကြားရေးတာဝန်ခံ ကျနော်လည်း ဘာအမည် ရွေးရမှန်းမသိတာနဲ့ ပြည်တွင်းမဂ္ဂဇင်းတွေမှာ ကြားဖူးသလိုလိုရှိတဲ့ “ထက်အောင်ကျော်” ဆိုတဲ့ အမည်ကို အဆိုတင် လိုက်ပါတယ်။

ဒီ အမည်ဟာ တနေ့နေ့မှာ ကိုယ့်အမည်ဖြစ်လာလိမ့်မယ်လို့ အဲဒီအချိန်က လုံးဝမျှော်လင့် မထားခဲ့ပါ။ တကယ်ကတော့ ဒေသအသီးသီးအတွက် ဒီလိုသတင်းထောက် အမည်တွေ မရွေးခင်ကတည်းက ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်းက ”ဘမောင်ဇင်”၊ ABSDF သတင်းတွေအားလုံးကို တည်းဖြတ်ပြီး DVB အတွက် အဓိက ပို့ပေးနေသူ ဗဟိုသုတေသနဌာနမှူး ကိုခင်သန်းက ”မောင်ပိုင်ထွန်း”၊ “မောင်ဒိုး” အပါဝင် တခြား ကလောင်အမည်တွေနဲ့ သတင်းတွေ ရေးသားပေးပို့နေခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီအချိန်ထိ DVB ဟာ တောထဲကနေ ကျနော်တို့ ရေးပို့လိုက်တဲ့သတင်းတွေကို ပြန်ဖတ်တာ၊ Bangkok Post နဲ့ The Nation က မြန်မာသတင်းတွေကို ဘာသာပြန်ပြီး ပြန်ဖတ်တာကိုပဲ အဓိကထား လုပ်နေရတဲ့ အဆင့်မှာပဲရှိပါသေးတယ်။

အဲဒီကာလက DVB ဟာ အခုခေတ်လို ဘတ်ဂျက်မရှိ၊ ကွန်ပြူတာမရှိ၊ အင်တာနက်မရှိ၊ Facebook မရှိသေးတဲ့အပြင် ဒစ်ဂျစ်တယ်နဲ့ အသံလွှင့်နိုင်တဲ့အဆင့်တောင်မရှိသေးပဲ တိတ်ခွေတွေနဲ့ သွားနေရဆဲဖြစ်ပါတယ်။

ရှေ့တန်းဒေသအသီးသီးက သတင်းတွေကို ရှေ့တန်း ပြန်ကြားရေး တာဝန်ခံတွေက နောက်တန်းရှိ ကျနော့်ဆီ ဆက်သွယ်ရေးစက်ကနေ တဆင့်ပေးပို့၊ အဲဒီသတင်းတွေကိုမှ ပြန်စုပြီး ကျနော်က ထပ်မံပြင်ဆင်ရေးသား၊ ပြီးတော့မှ မင်းသမီးစခန်းကနေ ဗဟိုဌာနချုပ် (မယ်ဟောင်ဆောင်နဲ့ မယ်စရီးယန်းရုံးခွဲတွေမှာ တယ်လီဖုန်း-ဖက်စရှိပါတယ်) ဆီ ဆက်သွယ်ရေးစက်နဲ့ပို့၊ ဗဟိုကမှတဆင့် Fax ထိုးပြီး ဘန်ကောက်ရုံးကိုပို့၊ ဘန်ကောက်ကမှတဆင့် အော်စလို DVB ရုံးက ဖုန်းခေါ်လာတဲ့အချိန်မှာ Fax နဲ့ ပို့ပေးရတဲ့ အသံဖွိုင်မပါတဲ့တဲ့ အသံလွင့်ဌာန ခေတ်ဦးပိုင်းမီဒီယာ အခြေနေမျိုး ဖြစ်ပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄) >>>>>

ထက်အောင်ကျော်