သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂)

0
2802
ခေါင်ယိုင်ရွာနဲ့ စခန်းသစ်အကြား ၁၂ မိုင်ခရီးကို ဆန်သယ်နေကြတဲ့ရဲဘော်များ စမ်းချောင်းဘေးမှာ ခနနားနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၁)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၄၂-

(၁) ပစ္စည်းမဲ့တော်လှန်ရေးနဲ့ NGO ယဉ်ကျေးမှု

နယ်မြေသစ် ရှာဖို့ထွက်လာတဲ့ ကျနော်တို့ ၄ ဦးဆီမှာ ဓား ၂ လက်၊ ၃ လက်ကလွဲပြီး ဘာလက်နက်မှပါမလာ။ နောက်တခါ ရှေ့တန်း၊ နောက်တန်းနဲ့ ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးစက်လည်း ပါမလာပါ။

ဒါပေမယ့် ကျနော်တို့အုပ်စု ဒီနေရာသစ်ဆီ ထွက်မလာခင်ကတည်းက ဘယ်နေ့မှာ ဘယ်ကိုရောက်မယ်၊ ဘယ်သူတွေက ဘယ်နေရာမှာ စောင့်ပါလို့ အတိအကျ ချိန်းဆိုထားပြီး ဖြစ်တဲ့အတွက် အဲဒီအချိန်ဇယားအတိုင်း ကွက်တိဝင်အောင် ကျနော်နဲ့ ကိုဖေကြည် ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နယ်မြေသစ်အနေထား၊ စခန်းချမယ့် မြေအနေထားတွေကို လေ့လာပြီးတဲ့အခါမှာတော့ ကရင်အဖိုးကြီးအိမ်မှာပဲ တည ထပ်အိပ်ရပါတယ်။

နောက်တနေ့ မနက်စောစောမှာတော့ ရှေ့မှာ ဗိုလ်မှူးစိုးလွင် ပြောခဲ့ဖူးတဲ့ ဗကပ မြိတ်ခရိုင် တောတွင်းစခန်းရှိရာဆီ ကျနော်တို့ ၄ ဦးချီတက်ခဲ့ပါတယ်။ ဒီခရီးက နယ်စပ်နဲ့ ထိုင်းရွာလောက် မဝေးပေမယ့် လမ်းမှာ စမ်းချောင်းမရှိ၊ တောင်ထိပ်ကျော တလျှောက်ဖြတ်သွားရမှာမို့ ရေဗူးတွေကို အသေအချာ ပြင်ဆင်ယူသွားရပါတယ်။

ကျနော်တို့ရောက်နေတဲ့ တောင်ထိပ်ကနေ မြန်မာဘက်က တောင်တန်းတွေကိုရော၊ ထိုင်းဖက်က တောင်တန်းတွေနဲ့ ရွာတွေကိုပါ အပေါ်စီးကနေ မြင်နေရပြီး ရှုခင်းက အတော်လှပ၊ လေကလည်း တဖြူးဖြူးတိုက်နေပါတယ်။ အဲဒီကာလဟာ ၁၉၉၄ နွေရာသီ သင်္ကြန်မတိုင်မီလေးလို့ ထင်ပါတယ်။

အဲဒီတောင်ကျောကို တနေကုန်နီးပါး လျှောက်ပြီး ညနေ ၃ နာရီလောက်မှာတော့ တောင်ယာခင်းလိုလို၊ ငှက်ပျောခင်းလိုလို၊ ဥယဉ်ခြံလိုလို တခုထဲက ဗကပ မြိတ်ခရိုင်စခန်းခွဲဆီ ကျနော်တို့ ရောက်သွားပါတယ်။ အဲဒီကာလ စခန်းတာဝန်ခံက ဗိုလ်စိုးဝေ ဖြစ်ပါတယ်။ အဲဒီမှာ မင်းသမီးဘက်ကနေ ဆင်းလာပြီး ကျနော်တို့အလာကို အသင့်စောင့်နေတဲ့ ကျောင်းသားတပ်တွေနဲ့ တွေ့ပါတယ်။

အဲဒီစစ်ကြောင်းကို ဦးစီးလာသူတွေကတော့ ၂၀၃ တပ်ရင်းက တပ်ရင်းမှူး ကိုမဲချော ခေါ် ကိုချမ်းနိုင် (ပြည်တွင်း ပြန်ဝင်)၊ ၂၀၁ တပ်ရင်းက တပ်ခွဲမှူး ဘိုင်လာမန် ခေါ် ကိုခင်မောင်ချို (အခု အမေရိကန်) နဲ့ ဒုခွဲမှူး ကိုစိုးမင်းအောင် (အခု ဒိန်းမတ်) တို့ ဖြစ်ပါတယ်။

ဗိုလ်စိုးဝေတို့ရဲ့ ဗကပ တောတွင်းစခန်းဟာ ကျနော်တို့ နေခဲ့ဖူးတဲ့ မင်းသမီး၊ ချုံချိအပါဝင် နယ်စပ်တကျောက ကရင်၊ မွန်၊ ကျောင်းသားစခန်းတွေနဲ့ လုံးဝကွာခြားပြီး တကယ်ကို သီးခြား တောတွင်းစခန်းတခု ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့စခန်းနဲ့ ပြင်ပကမ္ဘာ ဆက်သွယ်ဖို့ ကားလမ်းလည်းမရှိ၊ လှေလမ်းလည်း မရှိပါ။

မင်းသမီးဘက်ကနေ လှေနဲ့ဆင်းလာတဲ့ ကျနော်တို့ ရဲဘော်တွေလာရာ တနင်္သာရီမြစ်လက်တက် ချောင်းရှိရာ နေရာကိုတောင် ဒီစခန်းနဲ့ နေ့ဝက် ခရီးလမ်းလျောက်ရတယ် ဆိုပါတယ်။ မီးစက်လည်းမရှိ၊ တီဗီလည်း မရှိ။ NGO လည်းမသိ၊ ကွန်ပြူတာကိုလည်း မမြင်ဘူးသေးတဲ့ တကယ့်ကို တောတွင်းခစန်းတခုပါ။ (အဲဒီ ကာလကတည်းက ကျနော်တို့ မင်းသမီးနဲ့ ချုံချိဒေသတွေမှာ မီးစက်တွေ၊ တီဗီစလောင်းတွေရှိနေပြီ ဖြစ်ပါတယ်)။

ဒီစခန်းက ဗကပ ရဲဘော်တွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း ကျနော်တို့ ရဲဘော်တွေနဲ့ ဘာမှမဆိုင်၊ ကျနော်တို့ဆီက ရဲဘော်တွေ ပြောက်ကျားယူနီဖောင်းတွေကို ပြောင်ပြောင်ရောင်ရောင် ဝတ်ထားနိုင်ပေမယ့် ဒီစခန်းက လူတွေမှာတော့ ယူနီးဖောင်းလည်းမရှိ၊ အရပ်ဝတ်တွေကလည်း ဟောင်းနွမ်းစုတ်ပြတ်နေ။

ပြီးတော့ သူတို့ မျက်နှာတွေကလည်း အဟာရမပြည့်ဝတဲ့ မျက်နှာမျိုး၊ ဖြူဖတ်ဖြူရော်နဲ့။ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ “တောလူ” တွေဆိုတာကို သွားသတိရမိစေပါတယ်။

နောက်တခါ ဒီလူတွေဟာ ကျနော်တို့ နယ်စပ်အခြေစိုက် စခန်းတွေကလူတွေလို NGO အလှူနဲ့ ထိုင်းကလာတဲ့ ဆန်ကို စားနေတာမျိုးမဟုတ်။ သူတို့ကိုယ်တိုင် တောင်ယာခုတ်ပြီး အဲဒီက စပါးတွေကို နေလှန်းကြိတ်ခွဲ။ ဖြစ်သလိုထွင်းထားတဲ့ သစ်သားဆုံတွေထဲမှာ ထည့်ပြီး ထုကြိတ်နေတာကို ကျနော်ကိုယ်တိုင် မြင်ခဲ့ရပါတယ်။

နယ်စပ်ဖက်ရောက်နေတာ ၅ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ကျနော့်အဖို့တော့ ဒီမြင်ကွင်းဟာ တကယ့်ကို အထူးအဆန်းပါပဲ။ နောက်တခါ အဆက်သွယ်ပြတ်ပြီး တောထဲမှာနေတယ်ဆိုတော့ တောထွက်ဟင်းသီး ဟင်းရွက်မျိုးစုံကို ရနိုင်ပေမယ့် ဟင်းချက်ဖို့ဆီမရှိ၊ အချို့မှုန့်မရှိ၊ ငါးသေတ္တာ မရှိ၊ ကြက်သွန်နီမရှိ စသဖြင့် ဘာမှသိပ်မရှိဘူးဆိုတော့ သူတို့စားတဲ့ဟင်းက စားမကောင်းတဲ့အပြင် အဟာရလည်း မပြည့်ဝတာ သိပ်မဆန်း။

ဒီလိုပြောနေလို့ ကျနော်တို့ ရဲဘော်တွေက အဟာရပြည့်တဲ့ အစာတွေကို ကောင်းကောင်းမွန်မွန် စားနေရတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ကျနော် ရောက်ဖူးသမျှ စခန်းတွေအားလုံး ကိုစိုးဝေတို့ တောတွင်းစခန်းထက်တော့ သာတယ်ဆိုတာကို ကျနော်သိနေပါတယ်။

အဟာရမပြည့်၊ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ကလေးငယ်တွေကို ကျနော်တို့ စစ်ကြောင်းမှာပါလာတဲ့ ဆေးမှူးတွေက စမ်းသပ်ကုသမှု လုပ်ပေးခဲ့တာကို ကျနော်မြင်ခဲ့ရပါတယ်။ စစ်ကြောင်းတွေနဲ့အတူ ဆေးမှူးတွေရော၊ ဆက်သွယ်ရေး စက်တွေပါ ပါလာပြီ ဖြစ်တဲ့အတွက် ကျနော်တို့ ၂ ဖွဲ့ပေါင်းမိပြီဖြစ်ကြောင်းနဲ့ ထူးခြားဖြစ်စဉ်အားလုံးကို ဗဟိုနဲ့ မင်းသမီးဒေသရှိ ဗလဖ-ဆီ ကျနော်တို့ တင်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

————————-

ခေါင်ယိုင်ရွာ သံပုရာခြံ စခန်းထောက်မှာတွေ့ရတဲ့ ရဲဘော်အချို့။

(၂) စခန်းသစ် သို့မဟုတ် ရွှေပြည်တော် ဆန်သယ်တိုင်းဝေး

အဲဒီ ပကပ-မြိတ်ခရိုင် တောတွင်းစခန်းမှာ တညအိပ်ပြီး နောက်တနေ့မှာတော့ အင်အား ၅၀ ကျော် ၆၀ လောက်ရှိတဲ့ ကျနော်တို့ စစ်ကြောင်းဟာ လက်နက်အပြည့်အစုံနဲ့အတူ တပ်တည်ဒေသအသစ်၊ စခန်းအသစ် ဆောက်မယ့် နယ်စပ်ဒေသဆီ ပြန်ချီတက်လာပါတယ်။

ညနေ ၄ နာရီလောက်မှာတော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်တို့ ယာယီစခန်းချရာ ကရင်ဖထီးရဲ့ အိမ်ဆီရောက်လာပါတယ်။ သေနတ်တွေ၊ ယူနီဖောင်းတွေနဲ့ လူအများကြီးကို ရုတ်တရက် တွေ့လိုက်ရတဲ့ ကရင်မိသားစုဟာ ကျနော်တို့ကို ကြောက်လန့်နေတဲ့အတွက် မနည်းတောင်းပန်ခဲ့ရတာကိုလည်း ကျနော် မှတ်မိနေဆဲဖြစ်ပါတယ်။

သူတို့မကြောက်အောင်ဆိုပြီး ကျနော်တို့စစ်ကြောင်း တခုလုံးကို သူတို့အိမ်နဲ့ ခမ်းလှမ်းလှမ်းရှိ စမ်းချောင်းဘေးမှာ နေရာယူခိုင်းလိုက်ရပါတယ်။ နောက်တနေ့ မနက်မှာတော့ စစ်ကြောင်းနဲ့အတူ နယ်စပ်တောင်ထိပ်ကိုကျော်၊ စခန်းဆောက်မယ့်နေရာကို စစ်ရေးတာဝန်ခံတွေကိုပြပြီး တောခုတ်ရှင်းလင်းကာ စခန်းသစ်ကို စဆောက်ပါတော့တယ်။

ဒါပေမယ့် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့အတွက် ညနေပိုင်းမှာတော့ ထိုင်းဖက်ခြမ်းရှိ ဖထီးအိမ်ဘေးက စမ်းချောင်းအနီးကိုပဲ ပြန်လာပြီး အဲဒီမှာ ၄၊ ၅ ရက်ကြာပြီးမှ မြန်မာဘက်ကို ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျနော်နဲ့ ကိုဖေကြည်ကတော့ တပ်တခုလုံး မြန်မာဘက်ပြောင်းတဲ့အထိ စောင့်မနေတော့ပဲ တညအိပ်ပြီးတဲ့နောက် ထိုင်းရွာ ခေါင်ယိုင်ဆီ ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီကစပြီး ဒီဒေသမှာ ကျနော်တို့ ABSDF တောင်ပိုင်းဒေသ စခန်းသစ်ဆိုပြီး ပေါ်လာပါတယ်။

နေရာသစ်မို့လို့ “စခန်းသစ်” ဆိုပြီး အလွယ်ခေါ်လိုက်ပေမယ့် တချို့ရဲဘော်တွေကတော့ ဒီနေရာဟာ ဝေးလံခေါင်သီလွန်းတဲ့အတွက် “ရွေပြည်တော်” မျှော်တိုင်းဝေးအဖြစ် နာမည်ပေးကြပါတယ်။ နောက်ပိုင်းမှာတော့ အနီးစပ်ဆုံးနဲ့ လူသိအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ကို အစွဲပြုပြီး “ဟွာဟင် စခန်း” အဖြစ် အခေါ်များခဲ့ပါတယ်။

စခန်းသစ်မှာ ကျနော်တို့တပ်တွေချည်း ၆-လကျော် နေပြီးတဲ့အခါမှာတော့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်တဲ့အတွက် ချုံချီဒေသအခြေစိုက် ဗိုလ်မှူးစိုးလွင် ဦးစီးတဲ့ ဗကပ မြိတ်ခရိုင်တပ်ဟာလည်း ကျနော်တို့စခန်းသစ်ဆီ ရောက်လာခဲ့ပါတယ်။

၁၉၉၇ က စခန်းသစ်မှာကျင်းပတဲ့ ၈ လေးလုံးအခမ်းအနားမှာ KNU အရာရှိ ပဒိုစောသမိန်ထွန်း စကားပြောနေစဉ်။

ဒီစခန်းဟာ ထိုင်းနယ်စပ်ရွာနဲ့ ၆ နာရီခန့် လမ်းလျှောက်ရပြီး ကားလမ်း၊ လှည်းလမ်းလည်း မရှိတဲ့အတွက် နယ်စပ်နေက စခန်းအထိ ဆန်သယ်ရတဲ့ အလုပ်ကိုက တာဝန်တခုလို ဖြစ်လာခဲ့ပါတယ်။

အစောပိုင်းကာလတွေမှာတုန်းကတော့ ကရင်နီဒေသဘက်ရှိ ၃၀၃-တပ်ရင်းကနေ လား ၄-ကောင်ကို ထရပ်ကားတွေနဲ့သယ်ပြီး ဆန်သယ်ခိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မြောက်နဲ့တောင် ရာသီဥတု အအေး၊ အပူ ကွာခြားလို့လား မသိပါ၊ အဲဒီ လားတွေအားလုံး ဟွာဟင်ဒေသ စခန်းသစ်ကိုရောက်ပြီး ၂-လ လောက်အတွင်း သေဆုံးသွားပါတယ်။

ကိုယ်စားဖို့ဆန် ကိုယ်သယ်ရတဲ့ကိစ္စကို စာမဖွဲ့လောက်ဘူးဆိုပေမယ့် စခန်းသစ်ဒေသ ဆန်သယ်ရတဲ့ ဒုက္ခကတော့ ကျနော်တို့အတွက် စာဖွဲ့လောက်တယ်လို့ ထင်ပါတယ်။ ကျနော်ရောက်ဖူးသမျှ ABSDF စခန်းတွေထဲမှာ စခန်းသစ်လောက် ဝေးလံခေါင်ဖျားတဲ့စခန်း မတွေ့ဖူးခဲ့ပါ။

ရှေ့ပိုင်းမှာတင်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ထိုင်းနယ်စပ် နောက်ဆုံးရွာဖြစ်တဲ့ ခေါင်ယိုင်ရွာ၊ သံပုရာခြံရှိ ဂိုဒေါင်ကနေ ကျနော်တို့ ABSDF စခန်းရှိတဲ့ မြန်မာဘက် နယ်မြေထဲအထိ ၁၂ မိုင်ကျော် ခရီးရှိပြီး ၆ နာရီလောက် လမ်းလျှောက်ရပါတယ်။ ကားလမ်း၊ လူသွားလမ်း ဘာမှမရှိတဲ့အတွက် သဘာဝအတိုင်းရှိနေတဲ့ စမ်းချောင်းလေးအတိုင်း လျှောက်ပြီး ဆန်ကီလို ၂၀ ကျော် ထမ်းသွားရတဲ့အလုပ်ဟာ သိပ်မလွယ်လှ။

ဆန်သယ်တဲ့ အလုပ်တခုတည်းနဲ့တင် အချိန်အတော်ကုန်နေတဲ့ ကိစ္စအပေါ် ရဲဘော်တချို့ ငြီးငြူကြတာကို ကျနော် အမှတ်ရနေပါတယ်။

နောက်ပိုင်း ဗလဖ- တောင်ပိုင်းကိုယ်စားလှယ်အဖြစ် အဲဒီစခန်းသစ်ဆီသွားပြီး နှစ်လခန့် ကျနော်တာဝန်ယူခဲ့ရပါသေးတယ်။ တခါ ဒီစခန်းအတွက် ထိုင်း-ရုံးခွဲအဖြစ် ဟွာဟင်နဲ့ ပရာကျွတ်အကြားရှိ ပလန်ပူရီ ထိုင်းစစ်တပ်ဝင်းထဲမှာ အိမ်တလုံးငှားပြီး ရုံးခန်းဖွင့်ခဲ့သေးပေမယ့် အသေးစိပ် မမှတ်မိတော့ပါ။

……………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃) >>>>>

ထက်အောင်ကျော်