လှိုင်းကြမ်းကြားက ဘဝတစ်ခု

0
5053
ဓာတ်ပုံ - PP

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် ကားလမ်းမကြီးဘေးတွင် ဈေးတန်းကလေးတစ်ခု။ သစ်ပင်အရိပ်ကောင်းတော့ ဈေးတန်းကလေးက အရိပ်ကောင်းကောင်းရနေသည်။

ဈေးတန်းကလေးအတွင်း ရောင်းချနေသူများကြားတွင် အသက် ၂၅ နှစ်အရွယ် အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးကို သတိထားမိကြမည်ဖြစ်သည်။ သူ့နာမည်က မဆုရည်လဲ့ဟုဆိုသည်။

ဈေးတန်းကလေးဆိုသော်လည်း ဆိုင် ၃ ဆိုင်မျှသာရှိပြီး ဈေးဆိုင်ကလေးများမှာ တိုင်းတရားလွတ်တော်ရုံး ခြံဝင်းရှေ့ကပ်လျက် လမ်းဘေးတွင် ခုံလေးများချပြီး ရောင်းချနေကြခြင်းဖြစ်သည်။

မဆုရည်လဲ့က ထမင်းဟင်း၊ လက်လုပ်မုန့်ချိုနှင့် အအေးမျိုးစုံရောင်းနေသူဖြစ်သည်။

ဈေးရောင်းနေသည့် သူမျက်နှာတွင် အပြုံးဆင်ထားသော်လည်း သူ့ဘဝက ပြုံးရယ်နိုင်သည့် အခြေအနေမဟုတ်။

မဆုရည်လဲ့မှာ အဝေးသင်တက္ကသိုလ် (မြန်မာစာ) နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင် သူကိုယ်တိုင် နှစ်ကြိမ်အဖမ်းခံခဲ့ရသလို အမျိုးသားဖြစ်သူလည်းထောင်ကျ၊ မကြာသေးခင်က သူ့အဖေလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံထားရသည်။

အဝေးသင်တက္ကသိုလ်တက်ရင်း မယ်ဒီလန်းဆေးရုံတွင် သူနာပြုအကူ သင်တန်းတက်ခဲ့သည့် မဆုရည်လဲ့မှာ စစ်တပ်အာဏာသိမ်းပြီးချိန်တွင် ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းကလေးကို သူငယ်ချင်းများနှင့်အတူ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။

ယင်းအချိန်က စစ်အာဏာသိမ်းမှုနှင့်အတူ ကိုဗစ်ကပ်ဘေးလည်း ကြုံနေရသဖြင့် လူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်ကို တတ်နိုင်သလောက် ကူညီပေးရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုသန့်ဇင်ထူးနှင့်အတူ မဆုရည်လဲ့အပါအဝင် ၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။

နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို ဆေးဝါးထောက်ပံ့ ကူညီသည်ဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဖမ်းခံရသူ ၇ နှစ်ဦးအနက် ခင်ပွန်းဖြစ်သူ ကိုသန့်ဇင်ထူးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပြီး သူ အပါအဝင် ကျန် ၆ ဦးကိုတော့ ၅ ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သည်။

ရုတ်တရက် ဖမ်းဆီးစစ်ဆေး ခံရမှုကြောင့် ကြောက်ရွံ့တုန်လှုပ်မှု ခံစားလိုက်ရသလို ခင်ပွန်းဖြစ်သူလည်း ထောင်ဒဏ်နှစ်ရှည်ချခံရမှုကြောင့် ဆက်လက်ရပ်တည်နိုင်ရန်ပင် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

သို့သော်လဲကျ၍ မဖြစ်ဘူးဆိုသောစိတ်ဖြင့် အားတင်းဖြတ်သန်းရန် ကြိုးစားခဲ့ရကြောင်း မဆုရည်လဲ့က ဆိုသည်။

ယင်းနောက်ပိုင်းတွင် မိခင်ကလည်းအတူတူ လာနေပေးသည့်အတွက် စိတ်လုံခြုံမှုနှင့် ခွန်အားများ ပြန်ရခဲ့သလို ခင်ပွန်းဖြစ်သူ၏ အားပေးစကားများကြောင့်လည်း ပိုပြီးသန်မာစေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဘဝရပ်တည်ရေးအတွက် အလုပ်တစ်ခု ပြန်လုပ်ရန်ကြိုးစားခဲ့ရပြီး လခစားအလုပ် လုပ်မည်ဆိုပါက ထောင်ဝင်စာပို့ရန် ခက်ခဲမည်စိုး၍ ကိုယ်ပိုင်အလုပ်သာ လုပ်မည်ဟု ဆုံးဖြတ်လိုက်ကြောင်း ၎င်းကဆိုသည်။

“ဆိုင်ရောင်းတယ်။ ကြားထဲမှာ Online Shop လုပ်တယ်။ အိတ်တွေဘာတွေ အော်ဒါမှာတာရှိရင် ထိုးတယ်။ ကြားထဲမှာ Delivery (ပစ္စည်းပို့) ရှိရင် Deli ဆွဲတယ်။ တခါတလေဆို ဒီမှာ တက္ကစီလာရှာတာတွေရှိတယ်။ အမျိုးသမီးတွေလိုမျိုးဆို ပေါ့ပေါ့ပါးပါးတွေဆိုရင် ကိုယ်တင်တယ် (ဆိုင်ကယ်တက္ကစီဆွဲ) ။ ရတာအားလုံးလုပ်တယ်” ဟု ၎င်းက ရှင်းပြသည်။

သို့သော် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်တော့ စစ်ကောင်စီက မဆုရည်လဲ့ကို ထပ်မံဖမ်းဆီးခဲ့ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအတွက် ယူနီဖောင်းဝတ်စုံများ အွန်လိုင်းမှတစ်ဆင့် ဝယ်ပေးသည်ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တိုင်းရဲရုံးတွင် သူ့ကို ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း သံသယဖြစ်စရာ အချက်အလက် မတွေ့သဖြင့် တစ်ညတာ စစ်ဆေးမှုအပြီးတွင် ပြန်လွှတ်ပေးခဲ့သည်။

သတင်းပေးသူက လူမှားပေးသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လူမှားဖမ်းမှန်းသိရ၍ ပြန်လွှတ်ပေးခဲ့ခြင်းဟု မဆုရည်လဲ့က ဆိုသည်။

“(ကျွန်မ) မပြိုလဲစေတဲ့ အချက်တွေကတော့ ရှိနေသေးတဲ့ မိသားစုအတွက်ရှင့်။ အဓိကအားဖြင့် အမေနဲ့ ခင်ပွန်း ရှိနေသေးလို့ သူတို့အတွက် ကိုယ့်ရဲ့စကား ကိုယ့်ရဲ့လုပ်ဆောင်ခြင်းတွေက အများကြီးသက်ရောက်မှုရှိစေတယ်။ ဒါကြောင့် လောကဓံရဲ့အောက် ကံစီမံမှုကို ရုန်းကန်ကြိုးစားတာ” ဟု သူကပြောဆိုသည်။

ရှာဖွေရသည့် ငွေကြေးက သူ့တစ်ယောက်စာတည်း မဟုတ်သဖြင့်လည်း ကြိုးစားပမ်းစား ရှာဖွေရသည်။

အိမ်လခတစ်လတစ်သိန်းခွဲ၊ ခင်ပွန်းဖြစ်သူအတွက် တစ်ပတ်တစ်ခါပို့သည့် ထောင်ဝင်စာစရိတ်အတွက် တစ်လငါးသိန်းခန့်နှင့် နေ့စဉ်စားသောက်စရိတ်များကို အလျဉ်မီရန် ရှာဖွေရသည်။

“တစ်လကို ရှာရမယ်ဆို အနည်းဆုံး ငါးသိန်းဝန်းကျင်လောက်ရှိတယ်။ ရှာရတာ။ အဲဒီလိုဆိုတော့ လခစားနဲ့ အဆင်မပြေဘူး” ဟုသူကဆိုသည်။

တစ်ခါတစ်ခါ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ကြုံရပြီး ခင်ပွန်းဖြစ်သူကို သတိရ၍ တစ်ယောက်တည်း ငိုခဲ့ရသည်များ ရှိသော်လည်း ပြိုလဲသွားသည့်အဆင့်ထိ အရောက်မခံခဲ့ကြောင်း မဆုရည်လဲ့က ဆိုသည်။

“အဓိကတော့ သူ့ရဲ့ အားပေးစကားတွေပဲ။ စိတ်ဓာတ်ကျတဲ့အချိန်တွေဆို သူ့ကို ပြောပြတယ်။ မလုပ်ချင်တော့ဘူး။ ငါမနေချင်တော့ဘူး။ သွားချင်တယ်။ အဲဒီလိုမျိုးပြောရင် မှေးထားဦး။ ခဏပဲ အဆင်ပြေသွားလိမ့်မယ်။ အထဲကနေ ချော့တယ်။ အဲဒီလိုဆိုပြန်ပြီးတော့ အေးလေ ငါ့မှာသူ့တစ်ယောက်လုံး ရှိသေးတယ်လေ။ သူ့အတွက်ငါ ရုန်းကန်ရ ဦးမယ်။ ငါစိတ်ဓာတ်ကျနေမရဘူး” ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကာ လဲကျတိုင်းပြန်ပြန်ထခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

သို့သော် လောကဓံရိုက်ခတ်မှုက ယခုလောက်နှင့် မရပ်သွားသေးဘဲ ပြီးခဲ့သည့်ရက်ပိုင်းက သတင်းဆိုးတစ်ခု ထပ်မံရောက်ရှိလာခဲ့သည်။

မိခင်ဖြစ်သူကသူမနှင့် အတူလာနေချိန် ထားဝယ်မြို့နယ်၊ သင်္ဃန်းတုံးရွာတွင် ကျန်ခဲ့သည့် အသက် ၅၇ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးသန်းဝင်းမှာ ဒီဇင်ဘာ ၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

စစ်ကောင်စီတပ် ရွာထဲဝင်ရောက်လာမှုကြောင့် စစ်ဘေးရှောင်ရင်း အိမ်ခဏပြန်ရာတွင် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

“အကောင်းပြီးရင် အဆိုးလာမယ်။ အဆိုးပြီးရင် အကောင်းလာလိမ့်မယ်ပေါ့နော်။ အခုချိန်မှာ ကံဆိုးနေပေမယ့် တချိန်ကျရင်တော့ အဆင်ပြေသွားလိမ့်မယ်ပေါ့။ အဓိကတော့ သူ့ရဲ့ အားပေးစကားတွေပဲ” ဟု မဆုရည်လဲ့က အားတင်းရင်းဆိုသည်။

သူမမှာ ခင်ပွန်းဖြစ်သူအပြင် မိခင်ဖြစ်သူအတွက်ပါ ဆက်ပြီးရှိနေပေးရမည်ဆိုသော စိတ်ဖြင့်ယခုအခြေအနေကို အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်နေသည်ဟုလည်း ပြောဆိုသည်။

အနာဂတ်တွင် မိသားစု အတူတကွ စည်းစည်းလုံးလုံးဖြင့် တည်ငြိမ်အေးချမ်းသည့် ဘဝလေးရရန် မျှော်လင့်ထားသည်ဟုလည်း သူကဆိုသည်။

“သူပြန်လွတ်လာတဲ့အထိ ဒီလိုပဲ မှေးပြီးနေမှရမယ်ပေါ့။ သူစောစော ပြန်လွတ်လာရင်တော့ ပိုကောင်းမှာပေါ့နော်” ဟု မဆုရည်လဲ့က ဆိုလိုက်သည်။